ပရိသတ်တွေဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ အနီကတ်ပြသခံရမှုကို ပြန်လည်ပြင်ဆင်ပေးနိုင်ခြင်းမရှိခဲ့တဲ့ VAR ကို အယုံအကြည်မရှိ ဖြစ်ခဲ့ကြပါတယ်။
အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းမှာ ဗလာဒီမီရာ ကူဖယ်ရဲ့ ဖျက်ထုတ်မှုကြောင့် လာကာဇက် လဲကျသွားခဲ့တဲ့အချိန်မှာ ၁-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဆလားဗီးယား ပရက်ဂ်နောက်ခံကစားသမားဟောင်းဟာ ဘောလုံးကို အရင်ဆုံးထိခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့်လည်း ပွဲခေတ္တရပ်နားထားပြီးနောက် အန်သိုနီ တေလာက ဝီစီမှုတ်ပြီး ပင်နယ်တီစက်ဝိုင်းကို ညွှန်ပြခဲ့တာဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာ ကွင်းလယ်ဒိုင်က ပထမပိုင်းမှာ ကီရန် တီယာနီနဲ့ ဖြစ်စဉ်အတွက် စောဒကတက်ခဲ့လို့ အဝါကတ်ပြားတစ်ကြိမ် ပြသခြင်း ခံထားရတဲ့ ကူဖယ်ကို ဒုတိယအဝါကတ်ပြား ပြသခဲ့ပြီးနောက် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ အများစုက VAR အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပေးလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့်လည်း အံ့အားသင့်စရာကောင်းစွာနဲ့ ကွင်းအတွင်းက ဆုံးဖြတ်ချက်အတိုင်းပဲ အတည်ဖြစ်သွားခဲ့တာကြောင့် အများစုက လုံးဝကို အံ့အားသင့်တုန်လှုပ်ခဲ့ကြတာဖြစ်ပါတယ်။
"VAR က အခုထက်ထိ သူ လုပ်ရမယ့်အလုပ်ကို မလုပ်သေးဘူး"လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း "ကျွန်တော် စိတ်မကောင်းပါဘူး။ အာဆင်နယ်ပရိသတ်တစ်ယောက်ဖြစ်နေတာတောင်မှပဲ ဒါက ကျွန်တော်တို့အတွက် ပင်နယ်တီမဟုတ်ခဲ့ပါဘူး။ ပိုတောင်ဆိုးရွားတာက ဝက်စ်ဟမ်းကစားသမားအတွက် ဒုတိယမြောက် အဝါကတ်ပြားပြသခံခဲ့ရတာပါ။ လာကာဇက် အခွင့်ကောင်းယူသွားတာပါ။ ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲဖို့ လိုအပ်ပါတယ်"လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ဟာ အသင်းက အူဘာမီယန်းကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းရာမှာ ဖေဘီယန်းစကီးရဲ့ ပုတ်ထုတ်ကာကွယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ လာကာဇက်အတွက် အာဆင်နယ်ကစားသမားဘဝ ပထမဆုံးအကြိမ် ပင်နယ်တီ လွဲချော်မှု ဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းအတွက်တော့ ၃ ကြိမ်ဆက်တိုက် ပင်နယ်တီ လွဲချော်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။
ပင်နယ်တီကန်သွင်းခဲ့ချိန်မှာ ၂ သင်းစလုံးက ကစားသမားတွေဟာ ပင်နယ်တီဧရိယာထဲကို ကျူးကျော်နေခဲ့ပုံပေါ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြန်ကန်ဖို့အတွက် ညွှန်ကြားခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ မာတီနယ်လီရဲ့ ဒုတိယပိုင်း အစောပိုင်းမှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးနဲ့ လူစားဝင်ကစားပေးခဲ့တဲ့ စမစ် ရိုးရဲ့ ပွဲပြီးဆုံးခါနီး မိနစ်ပိုင်းအလိုမှာ သွင်းယူပေးခဲ့တဲ့ဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။