ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က မန်စီးတီးတို့ တစ်ရာသီအတွင်း ဆုဖလားသုံးလုံး မျှော်လင့်ချက် အကောင်အထည်ပေါ်လာဖို့ နီးစပ်နေတဲ့အပေါ် အာဆင်နယ်ကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်တိုက် ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ ခြေချော်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မန်စီးတီးက အာဆင်နယ်ကို ပြန်လည်ကျော်တက်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားရသွားခဲ့တာပါ။ ဒါ့အပြင် အက်ဖ်အေဖလားမှာလည်း မန်စီးတီးက ဖာဒီနန်ရဲ့အသင်းဟောင်း ယူနိုက်တက်ကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါသေးတယ်။ လာမယ့် စနေညမှာသာ အင်တာမီလန်ကို အနိုင်ရရှိခဲ့ရင် မန်စီးတီးက ယူနိုက်တက် တင်ရှိထားတဲ့ တစ်ရာသီအတွင်း ဖလားသုံးလုံးစံချိန်ကို လိုက်မီတော့မှာပါ။
အဲ့ဒါကြောင့်လည်း ဖာဒီနန်က “ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရမှာက ခင်ဗျားတို့အလုပ်ပဲ။ အာဆင်နယ်က အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ တစ်ရာသီလုံးရဲ့ အချိန် (၉၃) ရာခိုင်နှုန်းလောက် ယူထားနိုင်ခဲ့တာ။ သူတို့အနေနဲ့ လက်ထဲမှာ ကတ်အကုန်ထားပြီးတော့ကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ အကောင်းဆုံးအနေအထားမှာရှိခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီဖြစ်ရပ်ကြောင့်လည်း တစ်ရာသီအတွင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ အချိန်အကြာဆုံးရပ်တည်နိုင်ခဲ့ပြီးမှ ဆုဖလားနဲ့ လွဲချော်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့အတွက်လည်း (၂၀၀၃) ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့်နဲ့ လွဲချော်သွားခဲ့ရတာပါ။
မန်စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ တင်ရှိထားတဲ့ ပရီးမီးယားလိဂ်ဖလားကို (၃) နှစ်ဆက် ဆွတ်ခူးနိုင်တဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ပါတယ်။ အခုတစ်ခါမှာတော့ (၁၉၉၉) ခုနှစ်က ယူနိုက်တက်တို့ တင်ထားတဲ့ ဥရောပဖလားအပါအဝင် တစ်ရာသီအတွင်း ဆုဖလား (၃) လုံး စံချိန်ကို လိုက်မီနိုင်ဖို့ ကြိုးစားနေပြီး လက်တွေ့ဖြစ်လာဖို့လည်း အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။