အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီဟာ သူပိုင်ဆိုင်တဲ့ NBA ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Nuggets နဲ့အတူ NBA Championship ကို ဆွတ်ခူးရရှိခဲ့တဲ့နောက် သူ့အတွက် တစ်နှစ်ခွဲကာလအတွင်း (၄) ကြိမ်မြောက် ဆုဖလားကို ရရှိခဲ့ပြီဖြစ်ပါတယ်။ Nuggets ဟာ မိုင်ယာမီကို ၉၄-၈၉ မှတ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ခရွန်ကီကလည်း ဒီချန်ပီယံဆုနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။
ဒါ့အပြင် ခရွန်ကီပိုင်ဆိုင်တဲ့ Los Angeles Rams က Super Bowl ၊ Colorado Avalanche က Stanley Cup Championship ၊ Colorado Mammoth က National Lacross League တို့မှာ နောက်ဆုံးတစ်နှစ်ခွဲအတွင်း ဗိုလ်စွဲခဲ့ပြီး ခရွန်ကီတစ်ယောက် ချန်ပီယံဆုတွေကို ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခရွန်ကီပိုင် အင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီးမှ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းလိုက်ရပါတယ်။
အာဆင်နယ်ဟာ ယူရိုပါလိဂ်၊ ကာရာဘောင်၊ အက်ဖ်အေဖလားတို့ကိုလည်း လက်လွှတ်လိုက်ရသလို ပရီးမီးယားလိဂ်ဖလားအတွက်လည်း ရာသီသိမ်းခါနီးမှ မန်စီးတီး ကျော်တက်တာခံလိုက်ရတာကြောင့် ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ခရွန်ကီ အသင်းကို စတင်ပိုင်ဆိုင်ခဲ့တဲ့ နောက်ပိုင်းမှာ အာဆင်နယ်က လုံလောက်တဲ့ ပြင်ဆင်အားဖြည့်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်းမရှိသလို ချန်ပီယံလိဂ်ဝင်ခွင့်ကသာ သူတို့အတွက် အမြင့်ဆုံး အောင်မြင်မှုတစ်ခုလို ဖြစ်နေခဲ့တာပါ။
ဒါပေမယ့်လည်း အခြားသော အားကစားနည်းတွေမှာတော့ ခရွန်ကီရဲ့အသင်းတွေက အောင်ပွဲတွေ ခံနေကြပြီး အာဆင်နယ်ပရိသတ်တွေက ဒီအပေါ်မှာ မချင့်မရဲဖြစ်နေကြပါတယ်။ အာဆင်နယ်ပရိသတ်တွေက “ခရွန်ကီရဲ့ အသင်းအားလုံးမှာ ငါတို့ကလွဲပြီး ကျန်တဲ့အသင်းတွေ အကုန် ချန်ပီယံဖြစ်တယ်ကွာ” “မင်းတို့ ပိုင်ရှင်တွေ အသင်းကို လာမယ့်ရာသီအတွက် ဒီလိုမျိုး ခွန်အားတွေ ပေးကြပါဦး။ အာဆင်နယ်အတွက် လိုအပ်တဲ့ ကစားသမားတွေ ခေါ်ပေးလိုက်ကြပါ”
“နောက်တစ်ခါ ဖလားမြှောက်မှာက အာဆင်နယ်လား?” “ခရွန်ကီရဲ့ နောက်ထပ်အသင်းတစ်သင်းကတော့ ချန်ပီယံဖြစ်ပြန်ပြီဟေ့။ ဒီတစ်ခါ အာဆင်နယ်အလှည့်လား” လို့ အမျိုးမျိုး မှတ်ချက်ပြု ရေးသားခဲ့ကြပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားနဲ့ နှစ်ပေါင်း (၂၀) ကြာ ဝေးကွာနေခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုလည်း အသင်းသမိုင်းတစ်လျှောက်မှာ တစ်ကြိမ်တစ်ခါမျှ ရယူနိုင်ခဲ့ဖူးခြင်း မရှိပါဘူး။