အသင်းခေါင်းဆောင်အူဘာမီယန်ရဲ့ ပတ်မွှေသမျှကို ဒဏ်ခံလိုက်ရတဲ့ အာဆင်နယ်ဟာ တိုက်စစ်မှူးတဦးခေါ်ယူဖို့အတွက် ကြိုးစားနေရာမှာ အသင်းပရိသတ်တွေအမုန်းတီးဆုံးကစားသမားဖြစ်တဲ့ ဒီယေဂိုကော်စတာကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဘရာဇီးလ်ဖွား၊ စပိန်တိုက်စစ်မှူးဟောင်းဟာ အက်သလက်တီကိုမင်နဲရိုးနဲ့ စာချုပ်ပြည့်သွားခဲ့ပြီး အလွတ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
ဘရာဇီးလ်ကလပ်အတွက် ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့တဲ့ ကော်စတာကို ကလပ်အသင်းအများအပြားက ဆက်သွယ်နေကြပြီး အာဆင်နယ်လည်းပါဝင်နေတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း တရားဝင်ကမ်းလှမ်းမှုမျိုးတော့မရှိသေးဘဲ တရားဝင်ကမ်းလှမ်းတဲ့အသင်းအဖြစ် စပိန်ကလပ် ကာဒစ်ဇ်တသင်းတည်းသာရှိနေသေးတယ်လို့လည်း သိရပါတယ်။
ဒီယေဂိုကော်စတာဟာ ချယ်လ်ဆီးကစားသမားဘ၀မှာ အာဆင်နယ်နဲ့ တွေ့ဆုံတိုင်း ပြိုင်ဘက်ကစားသမားတွေကို စိတ်ဆွကစားခဲ့ကာ ချယ်လ်ဆီးအသာရအောင် ကြိုးစားခဲ့သူဖြစ်ပါတယ်။ လန်ဒန်ဒါဘီပွဲအဖြစ်တွေ့ဆုံတိုင်း ပြသနာတခုမဟုတ်တခုတက်လေ့ရှိပြီး အာဆင်နယ်ပရိသတ်တွေ ဘယ်လိုမှ ကြည့်မရတဲ့သူ၊ အမုန်းတီးဆုံးကစားသမားအဖြစ်နဲ့ပါရှိနေခဲ့ပြီး အခုလိုခေါ်ယူမယ်ဆိုတဲ့သတင်းကတော့ အံ့အားသင့်စရာကောင်းခဲ့ပါတယ်။
အာဆင်နယ်ဟာ ဖီအိုရင်တီးနားတိုက်စစ်မှူးဒူဆန်ဗလာဟိုဗစ်ကိုလည်း ဆက်သွယ်နေပြီး ပေါင် ၅၈ သန်းဆိုတဲ့ ပမာဏက အနည်းငယ်အခက်အခဲဖြစ်နေပါတယ်။ နည်းပြအာတီတာက အသင်းအတွက် တိုက်စစ်မှူးတဦးကို မရမနေခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး ရေတိုကာလအတွက် ဒီဗယဂိုကော်စတာကို ပစ်မှတ်ထားလာဖြစ်မယ်လို့လည်း ယူဆလို့ရပါတယ်။