မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူတို့အနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်က အက်စတွန်ဗီလာနဲ့ပွဲလိုမျိုး ဒရာမာတွေ ထပ်ဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ ရာသီပိတ်နောက်ဆုံးပွဲအဖြစ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ကစားရမှာပါ။
အိမ်ကွင်းမှာ ရင်ဆိုင်ကစားရမယ့် ဒီပွဲမှာ မန်စီးတီးတို့ အမှားခံလို့ မရဘဲ သရေကျတာနဲ့ တစ်ဖက်က အာဆင်နယ်က အဲဗာတန်ကို အနိုင်ရရှိခဲ့ရင် ရမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ ဗိုလ်စွဲနိုင်ခြေရှိပါတယ်။ အဲ့ဒီပွဲမတိုင်ခင် ဂွါဒီယိုလာက “အက်စတွန်ဗီလာနဲ့ပွဲတုန်းကလိုမျိုး ထပ်ဖြစ်မယ်လို့ ခံစားမိပါတယ်”
“ကျွန်တော်တို့ကတော့ ဆယ်မိနစ်လောက် ကစားပြီးတာနဲ့ သုံးဂိုးပြတ်နဲ့ ဦးဆောင်ထားချင်တာပေါ့။ ဒါပေမယ့် အဲ့ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး။ ဝက်စ်ဟမ်းပွဲတွေကို ကျွန်တော် ဒီရာသီမှာ လုံလုံလောက်လောက် ကြည့်ပြီးသားပါ။ ကျွန်တော်တို့ ခက်ခက်ခဲခဲ ထိန်းချုပ်ရမယ့် အရာတွေ ရှိပါတယ်”
“ဒါပေမယ့် ကျွန်တော်တို့မှာ ပြင်ဆင်ချိန်နှစ်ရက်ရှိပြီး ဒီအတွက် အဆင်သင့်ဖြစ်နေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ဂျရတ်ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ခဲ့ရတုန်းကလည်း ရာသီပိတ်နောက်ဆုံးပွဲမှာ နှစ်ဂိုးပြတ်ရှုံးပြီးမှ ၃-၂ ဂိုးနဲ့ ပြန်လည် အနိုင်ရရှိခဲ့တာပါ။
အဲ့ဒီအချိန်က လီဗာပူးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်ခဲ့ပြီး ချန်ပီယံဆုအတွက် နောက်ဆုံးပွဲမှ အပြောင်းအလဲဖြစ်မလား အားလုံးက မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း မန်စီးတီးကပဲ ဗီလာကို အနိုင်ကန်ပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။