အာစင်ဝင်းဂါး အာဆင်နယ်ကိုပြန်လာဖို့ နီးစပ်နေပြီလို့ဆိုရမှာပါ။

အာဆင်နယ်ရဲ့ လက်ရှိနည်းပြ အာတီတာက အသင်းရဲ့ဂန္တဝင်နည်းပြဟောင်း အာစင်ဝင်းဂါးကို အသင်းမှာ ပြန်ခေါ်ထားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ လန်ဒန်က ထွက်ခွာသွားပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အခြားအသင်းတသင်းကို ကိုင်တွယ်ရခြင်းမရှိသေးပါဘူး။



ဝင်းဂါးအနေနဲ့ နည်းပြလောကထဲ ပြန်လာမယ်လို့ သတင်းတွေ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မဖြစ်ခဲ့ဘဲ အခုချိန်မှာတော့ အာဆင်နယ်ကို သံတမန် ဒါမှမဟုတ် အုပ်ချုပ်မှု ရာထူးတခုခုနဲ့ ပြန်လာနိုင်တယ်လို့ လက်ရှိနည်းပြ အာတီတာက အတည်ပြုပေးခဲ့တာပါ။

အာစင်ဝင်းဂါးဟာ (၁၉၉၆) ကနေ (၂၀၁၈) အထိ အာဆင်နယ်ကို ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်နည်းပြတယောက်လည်းဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အာစင်ဝင်းဂါးနဲ့ပတ်သက်လို့ အာတီတာက “ကျနော်တို့ ဝင်းဂါးရဲ့ Arsene: Invincible ရုပ်ရှင်ကိုသွားကြည့်တော့ သူနဲ့ တွေ့ပြီး စကားလည်းပြောဖြစ်ခဲ့ပါတယ်”

“သူက အခုချိန် အသင်းမှာလည်း ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခုကို ပိုင်ဆိုင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းမှာရှိတဲ့လူတိုင်းက သူစွမ်းဆောင်ပေးခဲ့တာတွေနဲ့ ပတ်သက်လို့ သူ့အပေါ် လေးစားမှု၊ ချစ်ခင်မှုရှိနေဆဲပါ” လို့ ပြောကြားခဲ့ပါတယ်။

အသက် (၇၂) နှစ်အရွယ် အာစင်ဝင်းဂါး အာဆင်နယ်မှာ ဘယ်လိုရာထူးမျိုး ယူမလဲ ဆိုတဲ့အပေါ်မှာ အာတီတာက “ကျနော် လောလောဆယ် မပြောနိုင်ပါဘူး။ ပြောနိုင်တာတခုက သူနဲ့ ကျနော်နဲ့ ပုဂ္ဂိုလ်ရေးအရ အရမ်းရင်းနှီးချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက ကျနော့်အတွက်ရော၊ အသင်းအတွက်ရော ကြီးမားတဲ့ အကူအညီဖြစ်နိုင်မှာပါ”

“အချိန်တခုတော့ ယူရမှာဖြစ်ပြီး သူ ဒီအရာတွေကို သုံးသပ်ဦးမှာပါ။ ကျနော့်ဘက်က ပြောနိုင်တာကတော့ သူနဲ့ အများကြီး နီးနီးကပ်ကပ် ရှိခွင့်ရမယ်ဆိုရင် ကျနော် အရမ်းကို ပျော်ရွှင်မိမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က