မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက အီတီဟတ်မှာကစားရမယ့် မန်စီးတီးနဲ့ပွဲကို အာဆင်နယ်တို့ ဘယ်လိုမျိုးပုံစံနဲ့ သွားရောက်သင့်လဲဆိုတာကို အကြံပေးလိုက်ပါတယ်။ အာဆင်နယ်အတွက် အဆိုပါပွဲစဉ်ဟာ အရေးကြီးနေပြီး အနိုင်ရရှိထားမှသာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဆုဖလားမျှော်လင့်ချက် မရှိသလောက်ဖြစ်သွားတော့မှာပါ။
လက်ရှိမှာ အာဆင်နယ်က နောက်ဆုံး ၃ ပွဲဆက်တိုက် သရေကျထားခဲ့ပြီး မန်စီးတီးထက် ၅ မှတ်သာနေပေမယ့် ပြိုင်ဘက်က လက်ကျန် ၂ပွဲကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးက ပုံစံကောင်းရရှိနေပြီး ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိနေတာကြောင့် သူတို့နှစ်သင်းရင်ဆိုင်ရမယ့် ပွဲက အဆုံးအဖြတ်ဖြစ်လာဖို့ရှိနေပါတယ်။
ရွန်နီက "သူတို့ကို သွားရင်ဆိုင်တဲ့အချိန်မှာ အာဆင်နယ်ကစားသမားတွေအနေနဲ့ သူတို့စိတ်ထဲမှာ ငါတို့ဒီနေရာကို ရောက်လာမယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ဘူး၊ အခု ငါတို့တွေ ဆုဖလားအတွက်တောင် ယှဉ်ပြိုင်နေရပြီ၊ ဒီတော့ ငါတို့ ဒါကိုရအောင် လုပ်လိုက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို မွေးမြူရပါမယ်၊ ဟာလန်းကို ဂရုစိုက်နေဖို့ထက် မန်စီးတီးခံစစ်ကို ဘယ်လိုမျိုး ကျော်ဖြတ်ရမလဲဆိုတာကိုပဲ သူတို့ အာရုံစိုက်ရပါမယ်"
"ဒါပေမယ့် ဘယ်လိုပဲဖြစ်သွားပါစေ၊ ကျနော်ကတော့ အာဆင်နယ်ကို အထင်ကြီးမိပါတယ်၊ သူတို့က ဘောလုံးရာသီကောင်းတခုကို ပိုင်ဆိုင်ခဲ့ပြီး တကယ်ကောင်းမွန်တဲ့ လူငယ်ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတာပါ၊ ဒီဆုဖလားတိုက်ပွဲကနေ သူတို့အတွေ့အကြုံကောင်းတွေ ရှိပြီးတော့ လူငယ်ကစားသမားတွေလည်း အနာဂတ်မှာ တိုးတက်လာဖို့ အကူအညီဖြစ်စေမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်နောက်ခံလူဆာလီဘာမပါဝင်နိုင်တာက အားနည်းချက်ပဲလို့ ရွန်နီက ဆိုခဲ့ပါသေးတယ်။ ဟာလန်းကို ဟန့်တားနိုင်ဖို့အတွက် တခုတည်းသောနည်းလမ်းက ဆာလီဘာရဲ့ စွမ်းဆောင်ရည်သာဖြစ်တယ်လို့လည်း ရွန်နီက ပြောဆိုခဲ့ပါတယ်။