မထင်မှတ်ဘဲနဲ့ကို တော်တော်လေး ကြည့်ကောင်းသွားတဲ့ ပွဲတပွဲပါ။ ဒီပွဲမှာ မန်စီးတီးက ဂရီလစ်ရှ် မပါဝင်နိုင်ခဲ့ပေမယ့် ဖိုဒန်၊ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ဟာလန်းတို့နဲ့ လူစုံခဲ့ပါတယ်။ ဦးဆောင်ဂိုးကိုလည်း စောစောစီးစီးရရှိခဲ့ပြီး ဘာနာဒိုဆေးလ်ဗား ဖြတ်တင်ပေးတာကို ဂွန်ဒိုဂန်က တချက်ထိန်း အပိုင်ကန်သွင်းခဲ့တာပါ။
ဒါပေမယ့် နယူးကာဆယ်ရဲ့ ကစားအားကို မန်စီးတီးတို့ ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့ဘဲ အမှားအယွင်းတွေ များလာပါတယ်။ အထူးသဖြင့် စိန့်မက်ဆီမင် တယောက်ကို မန်စီးတီးနောက်တန်း ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘဲ သူ့ကြောင့်ပဲ နယူးကာဆယ်တို့ ဂိုးတွေရရှိခဲ့ပါတယ်။ အယ်လ်မီရွန်ရဲ့ချေပဂိုး၊ ဝီလ်ဆင်ရဲ့ ဦးဆောင်ဂိုးတွေက မက်ဆီမင်ကတဆင့် ရရှိခဲ့တာပါ။
ဝီလ်ဆင်ရဲ့ ဂိုးမှာဆိုရင် မက်ဆီမင်ရဲ့တိုးအားက တော်တော်လေး ကောင်းမွန်ခဲ့ပြီး ဝီလ်ဆင်ရဲ့ပြေးလမ်းကြောင်းထဲ ထည့်ပေးလိုက်ချိန် ဝီလ်ဆင်ကလည်း ဒီယက်စ်ကိုပါ တချက်ခေါက်ပြီး ကန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးတို့ ချေပဂိုးရဖို့ ဖိကစားခဲ့ပေမယ့် နယူးကာဆယ်က ထရစ်ပီယာရဲ့ ဖရီးကစ်ဂိုးကို ထပ်ပြီး ခွင့်ပြုလိုက်ရပါတယ်။
ဒါပေမယ့် အဲ့ဒီနောက်မှာ မန်စီးတီးတို့ အားကုန်တိုက်စစ်ဆင်ခဲ့ပြီး ဟာလန်းရဲ့ ချေပဂိုးတဂိုးကို ချက်ချင်းဆိုသလို ပြန်ရခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ဖန်တီးမှုကတဆင့် ဟာလန်းအပိုင်အခွင့်အရေး နောက်တကြိမ်ကို အသုံးမချနိုင်ခဲ့ပေမယ့် ဒီဘရိုင်းရဲ့ နောက်တကြိမ် အကွက်မြင်မြင်ခင်းပေးမှုကို ဘာနာဒိုဆေးလ်ဗားက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာကြောင့် သုံးဂိုးစီသရေဖြစ်ခဲ့ပါတယ်။
ရှေ့တည့်တည်မှာ လူချပြီး သူကိုယ်တိုင်ပဲ အနီကတ်ပြလိုက်တဲ့ ထရစ်ပီယာကို ဒိုင်လူကြီး VAR ကြည့် အဝါကတ်ပြန်ပြလိုက်တာကတော့ ဒီပွဲရဲ့ ပြောစရာတခုဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ နယူးကာဆယ်က ခံစစ်ကိုပဲ အာရုံစိုက်ကစားခဲ့ပြီး မန်စီးတီးကလည်း အနိုင်ဂိုးထပ်မရခဲ့တာကြောင့် သုံးဂိုးစီသရေကျခဲ့ပါတယ်။ ဒီရလဒ်ကြောင့်မန်စီးတီးတို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန် ရပ်တန့်သွားခဲ့ရပြီး အာဆင်နယ်က အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။