အာဆင်နယ်ကတော့ ယူရိုပါလိဂ်ပွဲမှာ ဟော်လန်ကလပ် PSV ကို အရေးနိမ့်ပြီး ၉ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန် ပျက်ပြယ်ခဲ့ရပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်တသင်းတည်းကိုသာ ဒီရာသီမှာ အရေးနိမ့်ထားပြီး အဆိုပါရှုံးပွဲနောက်ပိုင်းမှာ လုံး၀မရှုံးသေးတဲ့ အာဆင်နယ်တို့ PSV ကွင်းမှာတော့ ကစားသမားတချို့ကို အနားပေးမှုနဲ့အတူ အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။
PSV က ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာဖြစ်ပြီး အုပ်စုပထမနေရာအတွက်ပါ မျှော်လင့်ချက်ရှိသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်နဲ့ ၂မှတ်သာကွာဟတော့တာဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာသာ အာဆင်နယ်က ရလဒ်မကောင်းခဲ့ဘူးဆိုရင် အုပ်စုပထမနေရာကို ရယူပြီး ၃၂ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ဒီပွဲကတော့ PSV နည်းပြ နစ္စတယ်ရွိုင်းအတွက် အမှတ်ရစရာပွဲပါပဲ။ ကစားသမားဘ၀မှာတုန်းက နစ္စတယ်ရွိုင်းဟာ အာဆင်နယ်ရဲ့ ၄၉ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပေးခဲ့သူဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ရဲ့ စံချိန်ကို သူက အဆုံးသတ်ပေးခဲ့တာဖြစ်ပြီး ၁၈ နှစ်အကြာမှာတော့ နည်းပြဘ၀နဲ့ အာဆင်နယ်ရဲ့ ၉ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်စေခဲ့တာပါ။
ပိုပြီးတော့ ထူးခြားတိုက်ဆိုင်တာကတော့ ဒီရာသီမှာ အာဆင်နယ်အရေးနိမ့်ထားတာက မန်ချက်စတာယူနိုက်တက်တသင်းတည်းသာရှိသေးချိန်မှာ ယူနိုက်တက်ကစားသမားဟောင်းကိုင်တွယ်တဲ့ အသင်းကို ထပ်မံအရေးနိမ့်ခဲ့ပြီး ရှုံးပွဲနှစ်ခုစလုံးက ယူနိုက်တက်နဲ့ ပတ်သက်နေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်မှာ သရေကျခဲ့ပြီး ရမှတ်လျော့ခဲ့တဲ့နောက် ယူရိုပါလိဂ်မှာ ရှုံးပွဲရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။