အမျိုးသမီးပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာခဲ့ပါပြီ။

၂၀၂၂ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲကတော့ ပြီးသွားပါပြီ။ ဒီပြိုင်ပွဲက မူလက ၂၀၂၀ ခုနှစ်အတွင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီးတော့ ဖိလစ်ပိုင်မှာ ဇူလိုင်လ ၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားခဲ့တာပါ။ ဒီပြိုင်ပွဲမှာတော့ အိမ်ရှင်ဖိလစ်ပိုင်က အံ့အားသင့်ဖွယ်ရာ ဗိုလ်စွဲခဲ့ပြီး သူတို့အသင်းသမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့သလို ပြိုင်ပွဲအတွက်လည်း ချန်ပီယံအသင်းသစ်ထွက်ပေါ်လာခဲ့တာပါ။ 

ဖိလစ်ပိုင်ရဲ့ ချန်ပီယံခရီးက မလွယ်လှပါဘူး။ အုပ်စုတွင်းမှာ သူတို့က ထိုင်း၊ ဩစတြေးလျတို့လို အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆီမီးဖိုင်နယ်တနေရာစာအတွက် အပြိုင်လုခဲ့ရတာပါ။ ဩစတြေးလျကို သူတို့အနိုင်ယူခဲ့လို့သာ နောက်တဆင့်အတွက် သေချာခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ သူတို့က လက်ရှိချန်ပီယံဗီယက်နမ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တယ်၊ ဗိုလ်လုပွဲမှာ ထိုင်းကို ၃ ဂိုးပြတ်သွင်းပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ 

ဖိလစ်ပိုင်ရဲ့ တိုးတက်လာမှုက ကြောက်ခမန်းလိလိပါပဲ။ ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံးအသင်းဖြစ်ခဲ့သလို ပေးဂိုးလည်းအနည်းဆုံးပါ။ ပြီးတော့ ရွှေဖိနပ်ဆုကိုလည်း သူတို့အသင်းကစားသမားဆာရီနာဘိုလ်ဒန်က ၈ ဂိုးသွင်း ဆွတ်ခူးခဲ့ပါတယ်။ ဗီယက်နမ်၊ ထိုင်းနဲ့ မြန်မာတို့ သုံးသင်းပတ်လည်သာ ပြိုင်ဆိုင်နေရတဲ့ကာလတွေက ပြီးဆုံးသွားပါပြီ။ အာဆီယံမှာ နောက်ထပ် အသင်းကောင်းတသင်းထွက်ပေါ်လာတဲ့သဘောပါပဲ။ 

ပြီးခဲ့တဲ့လတွေထဲမှာ ဖိလစ်ပိုင်က အိုင်ယာလန်၊ ဘော့စနီးယားတို့နဲ့ ခြေစမ်းခဲ့ပါသေးတယ်။ ဆီးဂိမ်းမှာ ဗီယက်နမ်နဲ့ ထိုင်းကို ရှုံးအပြီးမှာတော့ အခု သူတို့က ပြန်အနိုင်ယူပြီး ချန်ပီယံဖြစ်တဲ့အထိ တိုးတက်လာခဲ့တာပါ။ ဒီအတွက်လည်း သူတို့ ကာလရှည်လေ့ကျင့်ပျိုးထောင် ခဲ့ရတာဖြစ်ပြီး အခုတော့ ရည်မှန်းချက်တွေပြည့်၀လာခဲ့ပါပြီ။ ဗီယက်နမ်ကြီးစိုးနေတဲ့ အာဆီယံအမျိုးသမီးဘောလုံးလောကကို ဖိလစ်ပိုင်က ချေဖျက်ပြလိုက်တာပါပဲ။ လက်ရှိပုံစံအတိုင်းဆိုရင်တော့ ဖိလစ်ပိုင်က အာဆီယံအမျိုးသမီးဘောလုံးလောကကို လွှမ်းမိုးမယ့် အသင်းသစ်ဖြစ်လာတော့မှာပါ။

Share

Loading Next Article...
က္က