ဒီအဆိုကို ဝင်းဂါးက တင်သွင်းခဲ့တာပါ။

ကမ္ဘာ့‌ဘောလုံးအဖွဲ့ချုပ် - ဖီဖာဟာ လူကျွံဘောစည်းမျဥ်းသစ်ကို အပြောင်းအလဲ ပြုလုပ်တော့မှာ ဖြစ်ပြီး ဒါက အာဆင်နယ်ရဲ့ ဂန္တဝင်နည်းပြဟောင်း အာစင်ဝင်းဂါးရဲ့ အကြံပေးမှုတွေကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။ ပုံမှန်အားဖြင့် လူကျွံဘောစည်းမျဥ်းမှာ ကစားသမားတစ်ယောက်က ပြိုင်ဘက် ကစားသမားထက် ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းမဆို ရှေ့ရောက်နေတာနဲ့ လူကျွံဘောဖြစ်တယ်လို့ သတ်မှတ်ခံခဲ့ရတာပါ။



ဒါပေမယ့် လက်ရှိအချိန်မှာ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ် ဆောင်ရွက်နေတဲ့ ဝင်းဂါးကတော့ ဂိုးသွင်းမယ့်ကစားသမားအနေနဲ့ ပြိုင်ဘက်ကစားသမားထက် ခန္ဓာကိုယ်တစ်ခုလုံး ရှေ့ရောက်နေ၊ ကျွံထွက်နေမှသာ လူကျွံဘောအဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုတင်သွင်းခဲ့ပါတယ်။ ဒီအချက်က တိုက်စစ်ကစားသမားတွေအတွက် ပိုပြီး အားသာချက်ရရှိလာနိုင်မှာဖြစ်ပါတယ်။

နောက်ပိုင်း ဘောလုံးရာသီတွေမှာ VAR နဲ့ ပြန်လည်ဆုံးဖြတ်တဲ့အခါ ကစားသမားတစ်ယောက်က ပြိုင်ဘက်နောက်ခံလူထက် လက်တစ်ဖက်၊ ခြေထောက်တစ်ဖက်၊ ပခုံးနည်းနည်း ရှေ့ထွက်နေတာနဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပြီး အငြင်းပွားစရာတွေ ရှိခဲ့တာပါ။ အခု စည်းမျဥ်းအသစ်အရ လျင်မြန်တဲ့ တိုက်စစ်ကစားသမားတွေအတွက် အားသာချက် ပိုရှိလာတော့မှာဖြစ်ပြီး နောက်ခံလူတစ်ယောက်အနေနဲ့လည်း သူ့ရဲ့နေရာယူပုံကိုပဲ မှီခိုနေလို့ရတော့မှာ မဟုတ်ပါဘူး။

ဒီအပြောင်းအလဲကိုတော့ နယ်သာလန်၊ အီတလီနဲ့ ဆွီဒင်တို့က ပွဲအချို့မှာ စတင် စမ်းသပ်သွားမယ်လို့လည်း သိရှိရပါတယ်။ ဒီစည်းမျဥ်းအသစ်နဲ့ ပတ်သက်လို့တော့ ပရိသတ်တွေအကြားမှာ အမြင်အမျိုးမျိုးနဲ့ မတူညီတဲ့ ဝေဖန်မှုမျိုးစုံရှိနေပါတယ်။ ပရိသတ်တစ်ယောက်က “လူကျွံဘောဆိုတာက တကယ်ကို စိတ်ပျက်စရာ စည်းမျဥ်းပါ။ အဲ့ဒါကြောင့်ပဲ စိတ်လှုပ်ရှားစရာ ကစားကွက်တွေကို ပျက်စီးစေခဲ့ပါတယ်”

“ဒါက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အပြောင်းအလဲပါ။ ဂိုးတွေ ပိုသွင်းနိုင်လေ၊ ပိုပြီး စိတ်လှုပ်ရှားရလေပဲ” လို့ အကောင်းမြင်ခဲ့ကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ အချို့ပရိသတ်တွေကတော့ “ဒါကိုတော့ တော်တော် မကြိုက်ပါဘူး။ တိုက်စစ်ကစားသမားတွေက လူကျွံတဲ့နေရာမှာ ရပ်နေမယ်၊ ပြီးရင် စက္ကန့်ပိုင်းအလိုလောက်မှ ခြေချောင်းလေး ပြန်ဝင်ပြပြီး ဂိုးရဖို့ လွတ်လွတ်ကျွတ်ကျွတ် ပြေးသွားတော့မှာပေါ့” “ဖီဖာကတော့ လူကျွံဘောစည်းမျဥ်းကို ပိုဆိုးအောင် လုပ်နေပြန်ပြီ” လို့လည်း ဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က