ပရော်ဖက်ရှင်နယ်လို အလုပ်လုပ်နိုင်မှာပါ

Samsung အထောက်ပံ့ခံ startup တစ်ခုဟာ ကွန်ပျူတာနဲ့ အထူးပြုလုပ်ထားတဲ့ တကယ့်လူအရွယ် ပုံစံတူ ပုံရိပ်ယောင် လူတုတွေ မိတ်ဆက်ခဲ့ပါတယ်။

လာ့စ်ဗီးဂတ်စ်မှာ ကျင်းပပြုလုပ်တဲ့ CES 2020 မှာ STAR Labs ရဲ့ လူတုပရောဂျက် Neon ကနေမိတ်ဆက်သွားတာ ဖြစ်ပါတယ်။ Neon ကနေ ဖန်တီးနေတဲ့ လူတုတွေဟာ ဒီဂျစ်တယ် avatar ကိုယ်ပွားတွေဖြစ်ပြီး သာမန်လူတွေလိုပဲ ခံစားချက်ကို ဖော်ပြနိုင် ၊ ဆက်သွယ်ပြောဆိုနိုင်သူတွေဖြစ်တယ်လို့ STAR Labs ရဲ့ CEO ပရာနေ့ဗ်မစ္စထရီက ဆိုပါတယ်။

Photo: BBC

အသက် ၃၈ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အိန္ဒိယလူမျိုးပရာနေ့ဗ်မစ္စထရီဟာ Samsung Electronics ရဲ့ အကြီးတန်းဒုဥက္ကဌ အဖြစ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ Samsung STAR (Samsung Technology & Advanced Research) Labs ရဲ့ ဥက္ကဌနဲ့ CEO အဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။ Neon ကနေ တီထွင်နေတဲ့ ပုံရိပ်ယောင်လူသားဟာ Siri ၊ Alexa စတဲ့ ဒီဂျစ်တယ် AI အကူစနစ်မျိုး မဟုတ်သလို ရာသီဥတုသတင်းသစ်တွေအကြောင်း ဖော်ပြပေးနေမယ့် အင်တာနက်ပေါ်က interface တစ်ခုလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

NEONs တစ်ခုချင်းစီဟာ မတူညီတဲ့ လုပ်ဆောင်ချက်တွေအတွက် ရည်ရွယ်ထုတ်လုပ်သွားမှာ ဖြစ်ပြီး လူနဲ့ အပြန်အလှန်ဆက်သွယ်မှုကို မီလီစက္ကန့်အနည်းငယ်ထက်တောင် ကြန့်ကြာမှုမရှိဘဲ တုန့်ပြန်နိုင်မယ်လို့ ပြောပါတယ်။ AI Assistants တွေအတွက် မျက်စိနဲ့ မြင်ရမယ့် virtual skin ပုံရိပ်ယောင်ကိုယ်ထည်တစ်ခုထက် ပိုတာက NEONs တွေဟာ အပြင်လောကမှာရှိတဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်လို အလုပ်လုပ်နိုင်တာပါ။

STAR Labs ရဲ့ CEO ပရာနေ့ဗ်မစ္စထရီ(Photo: The Verge)

"အနာဂါတ်မှာ NEON တစ်ခုကို ဝန်ဆောင်မှုကိုယ်စားလှယ်တစ်ယောက် ၊ ဘဏ္ဍာရေးအကြံပေးတစ်ယောက် ၊ ကျန်းမာရေးအကူတစ်ယောက် ၊ ဧည့်ကြိုတစ်ယောက်အဖြစ် လိုင်စင်ရလာနိုင်ပါတယ်။ နောက်ဆိုရင် NEONs တွေဟာ ရုပ်သံသတင်းကြေညာသူတွေ ၊ ပြောခွင့်ရပုဂ္ဂိုလ် နဲ့ ရုပ်ရှင်သရုပ်ဆာင်တွေလို အလုပ်လုပ်လာပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ အဖော်အသင်းအပင်းလည်း ဖြစ်လာနိုင်ပါတယ်" လို့ STAR Labs ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

STAR Labs ရဲ့ ထုတ်ပြန်ချက်ထဲမှာ NEONs လူသားတွေ ဖန်တီးဖို့ Core R3 လို့ခေါ်တဲ့ ကိုယ်ပိုင်ဆော့ဖ်ဝဲလ်တစ်ခုကို သုံးထားတယ်လို့ ပါရှိပါတယ်။ R3 ဆိုတာကတော့ Reality ၊ Realtime နဲ့ Responsive တို့ကို ပြောတာ ဖြစ်ပြီး Core R3 နည်းပညာကို Samsung Research America မှာ မှတ်ပုံတင်ထားပါတယ်။ NEONs လူသားတုနည်းပညာမူပိုင်ခွင့်ကို အမေရိကန် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရုံးမှာ NEON Artificial Human ၊ NEON.Life အဖြစ် မှတ်ပုံတင်ထားတယ်လို့ ဆိုပါတယ်။


Photo: The Verge

AI သတင်းကြေညာသူတွေကို ပြီးခဲ့တဲ့၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်များထဲမှာ တရုတ်နဲ့ ရုရှားသတင်းဌာနတွေမှာ စတင် အသုံးပြုလာပြီ ဖြစ်ပါတယ်။ CGI လူသားတွေလို့ ခေါ်တဲ့ ကွန်ပျူတာအထူးပြုလူသားပုံစံနည်းပညာတွေဟာ ပိုပြီး သက်ရှိလူသားဆန်လာကြပြီ ဖြစ်ပါတယ်။ တကယ်လို့ STAR Labs သာ NEONs လူသားတွေကို တကယ်လက်တွေ့အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ဒီနည်းပညာဟာ ကမ္ဘာသုံး ထုတ်ကုန်တစ်ခုအထိ ဖြစ်လာဖို့ ရှိပါတယ်။

Share

Loading Next Article...
က္က