ဒီဇင်ဘာ ၂၆ ရက်မှာ အန္တာတိကတိုက် ဖြတ်သန်းခရီးစဉ် အောင်မြင်ပြီးမြောက်ခဲ့ပါတယ်

အသက် ၃၃ နှစ်အရွယ် အမေရိကန်အမျိုးသားက အန္တာတိကတိုက်ကို အကူအညီမပါဘဲ ပထမဆုံး တစ်ကိုယ်တော်ဖြတ်သန်းသူ ဖြစ်လာခဲ့ပါတယ်။ စူးစမ်းလေ့လာသူ ကောလင်း အိုဘရက်ဒီရဲ့ အန္တာတိကတိုက်ကို တစ်ကိုယ်တော်ဖြတ်သန်းမှု ခရီးစဉ်ဟာ ၅၃ ရက်အတွင်း အောင်မြင်ပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။

(အန္တာတိကမှာတွေ့ရသည့် ကောလင်း) (Photo: Colin O'Brady)

ကောလင်းက ၎င်းကဲ့သို့ပင် အန္တာတိကတိုက်ကို တစ်ကိုယ်တော်ဖြတ်သန်းနေတဲ့ ဗြိတိန်စစ်တပ်မှ အသက် ၄၉ နှစ်အရွယ် ဗိုလ်ကြီးလူးဝစ်ရုဒ်ထက်စောပြီး ခရီးစဉ် အောင်မြင်ပြီးမြောက်ခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးလုံးဟာ နိုဝင်ဘာ ၃ ရက်မှာ အန္တာတိကတိုက်ကို ဖြတ်သန်းတဲ့ခရီး စတင်ခဲ့ကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ဗြိတိန်စစ်တပ်မှ အရာရှိဟောင်းနှစ်ဦးဟာ အန္တာတိကတိုက်ကိုဖြတ်သန်းရန် ကြိုးပမ်းခဲ့ကြဖူးပေမဲ့ ခရီးစဉ်အတွင်း သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ အန္တာတိကတိုက်ကို ဖြတ်သန်းသူတွေအတွက် ၉၂၁ မိုင် ခြေလျင်ခရီးကြမ်းဖြင့် ကမ္ဘာ့အအေးဆုံးတိုက်ကို ဖြတ်သန်းရမှုဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေရပါတယ်။

(အန္တာတိကတိုက်ကို ဖြတ်သန်းနေသည့် ကောလင်း) (Photo: Colin O'Brady)

အန္တာတိကတိုက်ကို တစ်ကိုယ်တော် အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့တဲ့ ကောလင်းက BBC သတင်းဌာနကိုလည်း ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံတွေအကြောင်း ပြောခဲ့ပါတယ်။ "ကျွန်တော် ပင်ပန်းတယ်ဗျ၊ ခြေကုန်လက်ပန်းကျခဲ့တယ်၊ ဒါပေမဲ့ နေ့တိုင်း မှန်မှန်လေးသွားနေတယ်" လို့ ကောလင်းက ၎င်းရဲ့ဂြိုဟ်တုဖုန်းမှတစ်ဆင့် ဒီဇင်ဘာ ၂၀ ရက်မှာ BBC ကို ပြောပါတယ်။

(အန္တာတိကကို ပထမဆုံး တစ်ကိုယ်တော်ဖြတ်သန်းနိုင်ခဲ့သည့် ကောလင်း) (Photo: Colin O'Brady)

ထိုရက်ဟာ ခရီးစဉ်ရဲ့ ၄၇ ရက်မြောက်ဖြစ်ပြီး မုန်တိုင်းတစ်ခုကျပြီး ရေခဲနဲ့နှင်းတွေ လှိုင်းကဲ့သို့ ရွေ့လျားနေမှုအတွင်း စခန်းချထားခဲ့ရစဉ်က ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ဖြတ်သန်းနေခဲ့ရပေမဲ့လည်း ကောလင်းက ညစဉ်ညတိုင်း ၎င်းရဲ့ တစ်ကိုယ်တော်ခရီးကို စောင့်ကြည့်နေသူ ထောင်နဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေထဲမှ တစ်ဦးနဲ့ ဂြိုဟ်တုဖုန်းမှတစ်ဆင့် မေးခွန်းတစ်ခု မေးမြန်းစေလေ့ရှိပါတယ်။

(လူးဝစ်ရုဒ်) (Photo: British Army)

ကောလင်းကဲ့သို့ပင် အန္တာတိကတိုက်ကို တစ်ကိုယ်တော်ဖြတ်သန်းနေသူ နောက်တစ်ဦးကတာ့ ဗြိတိန်စစ်တပ်မှ ကလေးသုံးဦးရဲ့ဖခင် လူးဝစ်ရုဒ်ဖြစ်ပါတယ်။ လူးဝစ်ရုဒ်က စစ်တပ်ကနေခွင့်ယူပြီး အန္တာတိကတိုက်ကို တစ်ကိုယ်ဖြတ်သန်းနေပါတယ်။

လူးဝစ်ရုဒ်က အန္တာတိကတိုက်ကို ဖြတ်သန်းရန်ကြိုးပမ်းရင်း သေဆုံးခဲ့တဲ့ သူငယ်ချင်းနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဟင်နရီဝေါ့စ်လေ ဖြတ်သန်းသွားခဲ့တဲ့ လမ်းကြောင်းအတိုင်း သွားနေတယ်လို့ သိရပါတယ်။ လူးဝစ်ရုဒ်ရဲ့သူငယ်ချင်းဟာ ခရီးစဉ်အဆုံးသတ်ရာ အန္တာတိကတိုက်ရဲ့ အကြီးဆုံးရေခဲပြင် Ross Ice Shelf နေရာမှ မိုင် ၃၀ မျှအကွာမှာ နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က