ပေါ်တိုနည်းပြ ကွန်ဆီကာအိုက အာဆင်နယ်နည်းပြ အာတီတာဟာ ကျွန်တော့်ရဲ့ မိသားစုကို စော်ကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း ပြစ်တင်လိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ ပွဲချိန်အတွင်း နှစ်ဖက်ကစားသမားတွေ၊ နည်းပြတွေအကြား တင်းမာမှုတွေ ရှိခဲ့တာပါ။



ပွဲအပြီးမှာတော့ ကွန်ဆီကာအိုက “ရလဒ်က မမျှတပါဘူး။ ကျွန်တော်တို့အသင်း နောက်တစ်ဆင့်ကို တက်ခဲ့သင့်တာပါ။ အာတီတာ ကျွန်တော့်ကို အရန်ခုံတန်းကနေ စပိန်လို လှမ်းပြောခဲ့တဲ့စကားက ကျွန်တော့်မိသားစုကို ထိခိုက်စော်ကားတဲ့ စကားပါ။ သူ့အနေနဲ့ သူ့အသင်းကို လေ့ကျင့်ခန်းဆင်းပေးဖို့ပဲ အာရုံစိုက်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ပွဲအပြီးမှာလည်း ကွန်ဆီကာအိုနဲ့ အာတီတာတို့အကြား စကားပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒီအချိန်မှာ ကွန်ဆီကာအိုက ဒီအကြောင်းကို ပြောဆိုခဲ့တာဖြစ်နိုင်ပြီး အာတီတာကတော့ ကွန်ဆီကာအိုရဲ့ ပြောစကားတွေနဲ့ပတ်သက်လို့ ငြင်းချက်ထုတ်နေတာကိုလည်း ရုပ်သံမှတ်တမ်းတွေအရ မြင်တွေ့ရပါတယ်။

ဒီပွဲမှာတော့ အာဆင်နယ်နဲ့ ပေါ်တိုတို့ အချိန်ပို၊ ပင်နယ်တီအထိ ဆက်ကစားခဲ့ရပြီး ပေါ်တိုဘက်က ပင်နယ်တီနှစ်လုံးကို အာဆင်နယ်ဂိုးသမား ရာယာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ပေါ်တိုတို့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ပွဲချိန်အတွင်းမှာလည်း အာတီတာတစ်ယောက် ပြိုင်ဘက်ရဲ့ မိသားစုကို စော်ကားပြောဆိုခဲ့ခြင်းမရှိကြောင်း အသင်းရဲ့ သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်ထားသလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးချန်ပီယံဆုကို အကောင်းဆုံး စိန်ခေါ်ထားပါတယ်။

Share

Loading Next Article...
က္က