အာဆင်နယ် ၃-၁ ယူနိုက်တက်ပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ခရိတ်ပေါ်ဆင်ကတော့ ပွဲချိန်တွင်း ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်စရာတွေဖြစ်နေခဲ့ချိန် ပွဲအပြီးမှာ သူ့ရဲ့အပြုအမူကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ ဒေါသထွက်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ မနေ့ကပွဲမှာ ပေါ်ဆင်က အာဆင်နယ်နောက်ခံလူ ဆီဒရစ် လက်နဲ့ဘောလုံးထိခဲ့တာ ထင်ရှားခဲ့ပေမယ့် VAR တောင် ပြန်ကြည့်ခြင်းမရှိခဲ့ပါဘူး။
ဒါပေမယ့် ဆာကာကို ယူနိုက်တက်နောက်ခံလူတဲလက်စ်က ပြစ်ဒဏ်ကျူးလွန်ခဲ့ချိန်မှာတော့ VAR ပြန်လည်ကြည့်ရှုကာ ပင်နယ်တီပေးခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်းရီယိုဖာဒီနန်ကလည်း ရှာခါရဲ့ သွင်းဂိုးမှာ အန်ကီတီယာလူကျွံနေခဲ့တယ်လို့ သူထင်ကြောင်း ပြောဆိုခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ပွဲအပြီးမှာလည်း ခရိတ်ပေါ်ဆင်ဟာ အာဆင်နယ်နည်းပြအာတီတာဆီ ပြုံးပြုံးကြီးသွားကာ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ဒီအပြူအမူအပေါ်မှာ ယူနိုက်တက်ပရိသတ်တွေက ဒေါသထွက်နေခဲ့ကြပြီး "တပွဲလုံးမှာ အံ့အားသင့်စရာဆုံးဖြတ်ချက်တွေကြီးပဲ၊ ပွဲပြီးတော့လည်း အာတီတာနဲ့ ပြုံးပြုံးကြီးနှုတ်ဆက်သွားနေတယ်၊ ရယ်စရာပဲ" လို့ တွစ်တာမှာ ပရိသတ်တဦးက ရေးသားခဲ့ပါတယ်။
နောက်ထပ်တဦးကလည်း "သူက အာတီတာကို ပေါ့ပေါ့ပါးပါးပဲ ပြုံးပြနေတယ်၊ ငါတို့တွေ အမှတ်အခိုးခံလိုက်ရတာအမှန်ပဲ" လို့ ဆိုခဲ့သလို အခြားတဦးကလည်း "ခရိတ်ပေါဆင်က ပရီးမီးယားလိဂ်မှာ လာဘ်စားမှုအရှိဆုံးဒိုင်ပဲ၊ အာတီတာကို မျက်စိတဖက်မှိတ်ပြီးတော့တောင် ပြုံးပြနေသေးတယ်" လို့ ရေးသားကာ ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။