အာတီတာရဲ့လုပ်ငန်းစဥ်တွေကို ယုံကြည်ဖို့ ဆက်ဂ်နာက တိုက်တွန်းခဲ့တာပါ။

အာဆင်နယ်ကစားသမားဟောင်း ဆက်ဂ်နာက လက်ရှိနည်းပြ အာတီတာနဲ့သာဆိုရင် အသင်းက လာမယ့် (၂) ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးနဲ့အပြိုင် ရုန်းကန်နေရတာဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ စပါးနဲ့အဝေးကွင်းပွဲမှာလည်း အာဆင်နယ်က သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် လက်ကျန်ပွဲတွေမှာ အမှားခံလို့မရတော့ပါဘူး။ ဒါ့အပြင် အာတီတာရဲ့ အာဆင်နယ်က ရာသီအစမှာ ဆက်တိုက်ရှုံးပွဲတွေ့ပြီး အမှတ်ပေးဇယား အောက်ဆုံးအထိ ရောက်ခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ကျန်ရာသီအပိုင်းအခြားမှာတော့ အကောင်းဆုံးခြေစွမ်းပြပြီး အခုလိုမျိုး ချန်ပီယံလိဂ်ဝင်ခွင့်အထိ ပြန်လည်စိန်ခေါ်လာတာပါ။ အဲ့ဒါကြောင့်လည်း အာတီတာလက်ထက် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်နဲ့ပတ်သက်လို့ ကစားသမားဟောင်း ဆက်ဂ်နာက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ဆက်ဂ်နာက “ဒီရာသီစစချင်း ကျနော် စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပြီး ကျနော် မှားခဲ့ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါက ရှင်းလင်းတဲ့လုပ်ငန်းစဥ်ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဒီလုပ်ငန်းစဥ်အပေါ် ယုံကြည်နေဖို့ပဲ လိုအပ်ပါတယ်။ ခင်ဗျားတို့ လာမယ့်ရာသီမှာဖြစ်ချင်တာကို ချရေးထားလိုက်ဗျာ”

“ဒါပေမယ့် ကျနော် သေချာပေါက်ပြောနိုင်တာက လာမယ့်နှစ်ရာသီအတွင်းမှာတင် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့်အသင်းပဲဗျ။ မန်စီးတီးကို အဝေးကွင်းမှာ အာဆင်နယ် ဘယ်လိုကစားသွားလဲ ခင်ဗျားတို့ကြည့်လိုက်ပါ။ အသင်းအများကြီးက ဒါမျိုးမလုပ်နိုင်ပါဘူး”

“အသင်းက အရည်အချင်းအပြည့်၊ ယုံကြည်မှုအပြည့်နဲ့ မန်စီးတီးကို ကစားပုံပျက်ယွင်းစေခဲ့တာပါ။ လီဗာပူးတောင်မှ ဒါမျိုးမလုပ်နိုင်ဘူးဗျာ။ ဒီတော့ သူတို့က အနာဂတ်အတွက် လုံးဝကို စိတ်ချရတဲ့လက္ခဏာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာတော့ လက်ကျန်နှစ်ပွဲအဖြစ် နယူးကာဆယ်၊ အဲဗာတန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် နှစ်ပွဲလုံးကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။ 

Share

Loading Next Article...
က္က