အသက် (၄၆)နှစ်အရွယ် နော်ဝေသားကြီးဟာ ကြာသပတေးနေ့ကမှ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေတဲ့ ပေါလ်ပေါ့ဂ်ဘာ နဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ဟာ အသင်းရဲ့ အနာဂတ်အတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမား (၂)ဦးဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ အသက် (၄၆)နှစ်အရွယ် နော်ဝေသားကြီးဟာ ကြာသပတေးနေ့ကမှ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဆိုးလ်ရှားအနေနဲ့ လာမယ့်ရာသီမှာ အပြောင်းအရွှေ့ အသုံးစရိတ်ပေါင်သန်း (၂၅၀)အထိ ရရှိမယ်လို့လည်း သတင်းများထွက်ပေါ်နေခဲ့ပါတယ်။ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ဆိုးလ်ရှားက ဒေါ့မွန်လူငယ်ကစားသမား ဆန်ချိုကို သူအလိုရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ထားပြီး လာမယ့်ရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားသွားလိမ့်မယ်လို့ Metro သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
ပေါ့ဂ်ဘာကို ရီးရဲလ်နည်းပြ ဇီဒန်းက လေးလေးနက်နက်ထား ကြိုးပမ်းမှုတွေပြုလုပ်နေသလို ရက်ရှ်ဖို့ဒ်ကိုလည်း ဘာစီလိုနာက စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး ဆွာရက်ဇ်ရဲ့ နေရာကို ရေရှည်အစားထိုးဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဆိုးလ်ရှားက အဆိုပါကစားသမားတွေရဲ့ အသင်းမှာ အရေးပါပုံကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။
"အတိတ်မှာ ကျွန်တော်တို့ ပြုလုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ၊ ဒီအတွက်ကြောင့် အသင်းကို တောင့်တင်းခိုင်မာတဲ့ လူစာရင်းနဲ့ တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်၊ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့က အသင်းရဲ့ အနာဂတ်အတွက် မရှိမဖြစ် အရေးပါတဲ့ သူတွေပါ"
"အသင်းအတွက် အကောင်းဆုံးအလုပ်အကျွေးပြုနိုင်တဲ့ ကစားသမားတွေကို ဝန်းရံပြီးတော့ တည်ဆောက်သွားမှာဖြစ်လို့ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်က အဲဒီလိုကစားသမားတွေ ဖြစ်ပါတယ်" လို့ ဆိုးလ်ရှားက သူ့ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဆိုးလ်ရှားဟာ ပေါ့ဂ်ဘာ နဲ့ ရက်ရှ်ဖို့ဒ်ကို ဘယ်လိုအကြောင်းနဲ့မှ ပြန်လည်ရောင်းချသွားမှာမဟုတ်လို့ ရီးရဲလ် နဲ့ ဘာကာအတွက်တော့ စိတ်ပျက်စရာဖြစ်လာခဲ့ပါပြီ။