Apple ဟာ နောက်လကစပြီး App Store ပေါ်က Apps နဲ့ Apps အတွင်း ဝယ်ယူမှုတွေကို ဈေးတင်တော့မယ်လို့ ဆိုပါတယ်။
App Store ဈေးတက်မယ့်ဈေးကွက်တွေက ဥရောပ နဲ့ အာရှ ၊ တောင်အမေရိကနိုင်ငံတချို့ဖြစ်ပြီး အောက်တိုဘာ ၅ ရက်နေ့မှာ ဈေးစပြီး တက်တော့မှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ချိန်ပြီး တန်ဖိုးကျသွားတဲ့ ဥရောပနဲ့ အာရှဈေးကွက်တွေမှာ အမြတ်ငွေထိန်းဖို့အတွက် အခုလို ဈေးတင်လာတာ ဖြစ်တယ်လို့ Bloomberg သတင်းက ဖော်ပြပါတယ်။ ယူရိုငွေကြေးသုံးတဲ့ နိုင်ငံတွေနဲ့ ဗီယက်နမ် ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ မလေးရှား ၊ အီဂျစ် ၊ ဆွီဒင် ၊ ချီလီ ၊ ပါကစ္စတန်တို့က အသုံးပြုသူတွေဟာ အောက်တိုဘာ ၅ ရက်နေ့မှာ ဈေးတက်တာနဲ့ ကြုံတော့မှာပါ။
Apple ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်လထဲမှာ တောင်အာဖရိက ၊ ယူကေနဲ့ ယူရိုငွေကြေးသုံးနိုင်ငံတွေက အသုံးပြုသူတွေအတွက် App အတွင်း ပစ္စည်းဝယ်ယူမှု In-App Purchase ကြေးကို တိုးမြှင့်ထားပါတယ်။ ဒီတစ်ခေါက် ဈေးမြှင့်တာက ဥရောပအသုံးပြုသူတွေအတွက် နှစ်နှစ်အတွင်း ဒုတိယအကြိမ်ဈေးတက်လာတာပဲ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ဈေးနှုန်းတွေအရ တောင်ကိုရီးယားမှာ ဈေးနှုန်း ၂၀% ကနေ ၂၅% တက်လာပြီး ယူရိုငွေကြေးသုံးတဲ့ နိုင်ငံတွေမှာ ၈% ကနေ ၁၀% ကို တက်လာမှာပါ။ ဗီယက်နမ်မှာ တန်ဖိုးမြှင့်အခွန် VAT နဲ့ ကော်ပိုရိတ်ဝင်ငွေခွန် (CIT) တွေကြောင့် ၅% တက်လာမယ်လို့ ဆိုပါတယ်။
ဗီယက်နမ်မှာ ဈေးတက်တဲ့ကိစ္စဟာ နိုင်ငံအတွင်း အခွန်ကောက်ခံမှု လုပ်ထုံးသစ်ကြောင့်လို့ ပြောပေမယ့် တခြားနိုင်ငံတွေမှာ ဈေးတက်သွားတဲ့အကြောင်းရင်းတော့ ရှင်းပြခြင်း မရှိပါဘူး။ ဒီနှစ်ထဲ ဂျပန်ယန်းငွေ ကျဆင်းမှုကြောင့် ဂျပန်နိုင်ငံအတွင်း ဈေးနှုန်းဟာ အရင်ထက် ၃၀% ကနေ ၃၅% အထိ ပိုတက်လာမယ်လို့လည်း ဆိုပါတယ်။ Apple ဟာ ဒီနှစ်အစောပိုင်းက ထွက်ထားတဲ့ Mac ၊ iPhone နဲ့ iPad ထုတ်ကုန်ဈေးနှုန်းတွေကို ဈေးတင်ထားပါတယ်။
Bloomberg က ဖော်ပြတဲ့ လွတ်လပ်တဲ့ လေ့လာမှုတစ်ခုအရ App ရေးဆွဲတဲ့ Developers တွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ဈေးနှုန်းတွေ စပြီး တိုးမြှင့်ထားတယ်လို့ ဖော်ပြပါတယ်။ Apptopia ဝက်ဘ်ဆိုက်အရ App ဝယ်ယူမှုတစ်ခုရဲ့ပျမ်းမျှကုန်ကျစရိတ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ စာရင် ဒီနှစ်ထဲမှာ ၄၀% တိုးသွားတယ်လို့ ဆိုပါတယ်။ App Store ပါဝင်တဲ့ Apple ရဲ့ ဝန်ဆောင်မှုစီးပွားရေးရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အရှိန်အဟုန်နဲ့ တိုးတက်လာနေပြီး သုံးလပတ်တစ်ခုအတွင်း ဒေါ်လာဘီလျံ ၂၀ ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့လည်း ဆိုပါတယ်။
Apple ဟာ App Store ပေါ်ကနေ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁ သန်းနဲ့အထက်ရတဲ့ App Developers တွေဆီကနေလည်း အခွန် ၃၀% ကောက်ခံပါတယ်။ ဝင်ငွေ ဒေါ်လာ ၁သန်းအောက်နည်းတဲ့ Developers တွေကိုတော့ Small Business Developer Program ကနေ ၁၅% အခွန်ကောက်ပါတယ်။ App Store ရဲ့ ၃၀% အခွန်ဟာ ဖြစ်သင့်တာထက် ၁၀ ဆ ပိုများတယ်လို့တောင် Tesla သူဌေးအီလွန်မတ်စ်က ဝေဖန်ခဲ့ဖူးပါတယ်။
App Developer နဲ့ Apple တို့ ၇၀-၃၀ ခွဲယူတဲ့ကိစ္စကို အကြောင်းပြုပြီး နာမည်ကျော် Fortnite ဂိမ်းထုတ်လုပ်သူ Epic Games နဲ့ Apple တို့ရဲ့ တရားတဘောင်ကိစ္စမှာလည်း မတ်စ်က Epic Games ဘက်က ရပ်တည်ခဲ့ပါတယ်။ ဂိမ်းထဲမှာ တိုက်ရိုက် In-app ငွေပေးချေရေးစနစ် ထည့်သွင်းတဲ့ Epic Games ကို Apple က App Store ပေါ်က ဖြုတ်ချခဲ့သလို ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ Apple ကို Epic Games ဘက်က တရားစွဲခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ ဒီအမှုမှာ မတ်စ်က “Apple App Store ကြေးတွေဟာ တကယ်တမ်းတော့ အင်တာနက်ပေါ်က ကမ္ဘာ့အခွန်လိုပါပဲ။ Epic မှန်တယ်” ဆိုပြီး Tweet တင်ခဲ့ပါတယ်။ အမှုကို စစ်ဆေးချိန်မှာ Apple ဟာ Fortnite ဂိမ်း In-App ဝယ်ယူမှုတွေပေါ်ကနေ ကော်မရှင်ကြေး အနည်းဆုံး ဒေါ်လာသန်း ၁၀၀ ရခဲ့တယ်လို့ ကုမ္ပဏီအမှုဆောင်တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။