ယူနိုက်တက်ဝန်ထမ်းတွေဟာ အက်ဖ်အေဖလားနဲ့အတူ အောင်ပွဲခံခဲ့တဲ့ အခမ်းအနားမှာ သူတို့ကို ဖိတ်ကြားခဲ့ခြင်းမရှိပေမယ့် YouTuber အိုင်ရှိုးစပိဒ်ကို ဖိတ်ကြားခဲ့တဲ့အတွက် ဒေါသထွက်နေကြပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့တာပါ။
ဒါဟာ တန်ဟက်ခ်လက်ထက် နှစ်ရာသီဆက်တိုက်မှာ ပြည်တွင်းဖလား တစ်လုံးစီကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ယူနိုက်တက်က အောက်အသင်းအဖြစ်သာ ရှိနေပေမယ့် တကယ်တမ်း ကစားချိန်မှာတော့ အကောင်းဆုံး တုံ့ပြန်ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ယူနိုက်တက်တို့ အောင်ပွဲခံအခမ်းအနားကို ကျင်းပခဲ့ပြီး ဆာဂျင်မ်ရက်ကလစ်ဖ်တို့ရဲ့ စီစဉ်ပေးမှုနဲ့အတူ နောက်ထပ် အောင်ပွဲခံအခမ်းအနားကို သီးသန့် ထပ်မံကျင်းပခဲ့တာပါ။ ဒီပွဲအတွက် လက်မှတ်တွေကိုလည်း တစ်ရာသီလက်မှတ် ဝယ်ယူထားတဲ့ ပရိသတ်တွေကိုသာ သီးသန့် ရောင်းချခဲ့ပါတယ်။
ဒါပေမယ့် ဒီပွဲမှာ အိုင်ရှိုးစပိဒ်က တက်ရောက်နိုင်ခဲ့ပြီး ယူနိုက်တက်ဝန်ထမ်းတွေကတော့ တက်ရောက်ခွင့် မရှိခဲ့ပါဘူး။ အိုင်ရှိုးစပိဒ်ဟာ ယူနိုက်တက်ရဲ့ တစ်ရာသီစာလက်မှတ်ကို ကိုင်ဆောင်ထားသူ မဟုတ်သည့်တိုင် ဘယ်လိုပုံစံမျိုးနဲ့ ပွဲကို တက်ရောက်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
အချို့ကတော့ အိုင်ရှိုးစပိဒ်ဟာ ဂါနာချိုရဲ့ ဖိတ်ကြားမှုနဲ့အတူ အဆိုပါ အောင်ပွဲခံအခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အသင်းဝန်ထမ်းတွေတောင် တက်ရောက်ခွင့်မရခဲ့တဲ့ ဒီအခမ်းအနားကို ပြင်ပကလူတစ်ယောက် လွယ်လင့်တကူ တက်ရောက်ခဲ့တဲ့အပေါ် ယူနိုက်တက်ဝန်ထမ်းတွေက စိတ်ဆိုးဒေါသထွက်နေကြပါတယ်။