ရော်နယ်ဒိုဟာ လူဇင်ဘတ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနည်းအသစ်ကို ပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ပေါ်တူဂီက ၆-၀ နဲ့ အပြတ်အသတ်အနိုင်ရရှီခဲ့ပြီး ယူရိုခြေစစ်ပွဲ ၂ပွဲစလုံးကို ဂိုးပြတ်အနိုင်ရရှိခဲ့ကာ အဖွင့်လှနေပြီလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့ စိတ်ပျက်စရာတွေကြုံတွေ့ခဲ့ရတဲ့ ရော်နယ်ဒိုဟာ နည်းပြသစ် မာတီးနတ်ဇ်လက်အောက်မှာ ပေါ်တူဂီအတွက် ခြေစွမ်းပြသနေပြီး ယူရိုခြေစစ်ပွဲ ၂ ပွဲစလုံးမှာ ၂ ဂိုးစီသွင်းယူခဲ့တာပါ။ ရော်နယ်ဒိုဟာ လက်ချင်စတိန်းနဲ့ပွဲမှာ ၂ ဂိုးနဲ့ အခု လူဇင်ဘတ်နဲ့ ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဆက်တိုက်ကို ဂီုးတွေရရှိနေခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၉ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပြီးနောက် မတူညီတဲ့ အောင်ပွဲခံမှုကို ပြုလုပ်သွားခဲ့တာပါ။ရော်နယ်ဒိုဟာ SIUU အောင်ပွဲခံနည်းကို နှစ်ပေါင်းများစွာကြာပြုလုပ်ခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်အောင်ပွဲခံနည်းအဖြစ် ဘောလုံးလောကမှာ လူသိများခဲ့တာဖြစ်ပါတယ်။လူအများအပြားကလည်း ဒီအောင်ပွဲခံနည်းကို လိုက်ပြီးပြုလုပ်ကြတာပါ။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တုန်းက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ မျက်လုံးကို ပိတ်ပြီးအောင်ပွဲခံနည်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ လူဇင်ဘတ်အသင်းဘက်ကို ဂိုးသွင်းပြီးချိန်မှာတော့ အဆိုပါအောင်ပွဲခံနည်း ၂ ခုစလုံးကို ပေါင်းစပ်ပြီး ပြုလုပ်သွားခဲ့တာပါ။ ရော်နယ်ဒိုဟာ လူဇင်ဘတ်အသင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့လို့ နိုင်ငံတကာသွင်းဂိုး ၁၂၂ ဂိုးအထိရှိသွားခဲ့ပြီဖြစ်ပြီး သူ့ရဲ့စံချိန်ကို ထပ်ပြီးဂိုးအရေအတွက်ထပ်ပေါင်းခဲ့တာဖြစ်ပါတယ်။