ပရိသတ်တွေကတော့ ဒီမြင်ကွင်းကြောင့် ထိတ်လန့်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဖရက်ဒ်ဂိုးသွင်းပြီးနောက် အောင်ပွဲခံချိန်မှာ နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ရဲ့ လုပ်ရပ်ကြောင့် ထိတ်လန့်ခဲ့ရပါတယ်။ ဖရက်ဒ်က ဂိုးသွင်းပြီးနောက် မြက်ခင်းပေါ်မှာ လျှောထိုးအောင်ပွဲခံခဲ့ပြီး သူနဲ့အတူ ဝက်ဂျ်ဟော့စ်ကလည်း လျှောထိုးအောင်ပွဲခံခဲ့ကာ မာလာစီယာကတော့ မတ်တပ်ရပ်အနေအထားနဲ့ ပွဲခံခဲ့ပါတယ်။ 

ဒီနောက်မှာတော့ မာတီနက်ဇ်လည်း သူတို့ဆီကိုရောက်လာခဲ့ပြီး ကွင်းပေါ်မှာ စလိုက်ထိုးကာ ဝင်ရောက်ခဲ့ပြီး ဖရက်ဒ်ကို ကန်မိသလိုတောင် ဖြစ်ခဲ့တာပါ။ သူ ဝင်ပုံက တော်တော်လေးကြမ်းတမ်းလွန်းပြီး အောင်ပွဲခံကနောက်၊ အသင်းဖော်ဒဏ်ရာအပြင်းအထန်ရသွားနိုင်တဲ့ အနေအထားမှာ ရှိခဲ့လို့ ပရိသတ်တွေ တုန်လှုပ်ခဲ့ရတယ်လို့ Sport Bible က ဖော်ပြခဲ့ပါတယ်။ 



ဖရက်ဒ်ဟာ လူစားဝင်လာပြီးနောက်မှာ အနိုင်သေချာစေမယ့် တတိယမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်ကလည်း ဖရက်ဒ်နည်းတူ လူစားဝင်လာခဲ့တာဖြစ်ပြီး သူ့ အောင်ပွဲခံပုံကို တွစ်တာမှာ ပြန်လည်ဖော်ပြခဲ့ရာမှာလည်း တကယ်ကို ကြောက်မက်ဖွယ်ရာကောင်းလွန်းတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ 



ကံကောင်းထောက်စွာနဲ့ ဖရက်ဒ်ရော၊ ဝက်ဂျ်ဟော့စ်ပါ ထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိခဲ့ပါဘူး။ ယူနိုက်တက်ကတော့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်ပြီး ဖူလ်ဟမ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ ဖလားလေးလုံးလမ်းကြောင်းပေါ်မှာလည်း ဆက်လက်ရပ်တည်နေပြီး တန်ဟက်ဂျ်ရဲ့ အသင်းက ၃ရက်ကို ၁ ပွဲကန်ပြီး နိုင်ပွဲဆက်တိုက်ရယူနေတာလည်းဖြစ်ပါတယ်။ 

Share

က္က