သူ့ကစားသမားကို အချိန်မီပြန်လာဖို့အတွက် သတင်းစကားပေးပို့လိုက်တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဂျ်က ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်တော့မယ်နော်ဆိုပြီး သူ့အသင်းသား လီဆန်ဒရိုမာတီနက်ဇ်ကို သတိပေးလိုက်ပါတယ်။ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မာတီနက်ဇ်ဟာ ဗြူနိုအေရိစ်မှာ အောင်ပွဲခံနေတာဖြစ်ပြီး ဒီအတွက် နားလည်ပေမယ့် လိဂ်ပွဲတွေစတင်တော့မယ့်အချိန် အသင်းကို အချိန်မီပြန်ရောက်ဖို့ တန်ဟက်ဂျ်က ပြောခဲ့တာပါ။ 

မာတီနက်ဇ်ဟာ အာဂျင်တီးနားနဲ့အတူ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခဲ့ပြီး အောင်မြင်မှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အပျော်တွေလွန်နေပြီး သူ့ရဲ့ လူမှုကွန်ရက်အကောင့်တွေမှာ အောင်ပွဲခံနေပုံတွေကို ဆက်တိုက်ဖော်ပြနေကာ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်မှုအတွက် တော်တော်လေးကို ကျေနပ်နေဟန်လည်းရှိပါတယ်။ 

တန်ဟက်ဂျ်ကတော့ "ဗြူနိုအေရိစ်မှာ သူ အောင်ပွဲခံနေတုန်းပါ၊ ဒီအခြေအနေကို ကျနော်နားလည်ပါတယ်၊ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာက ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားလဲဆိုတာကို ကျနော်သိပါတယ်၊ ဒါပေမယ့်လည်းပဲ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲ ကစားရတော့မယ်ဆိုတာကိုလည်း မာတီနက်ဇ် လက်ခံဖို့လိုပါတယ်" လို့ ပြောဆိုခဲ့ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ 

မာတီနက်ဇ်ဟာ တန်ဟက်ဂျ်ရဲ့ အားထားရတဲ့ ခံစစ်ကစားသမားဖြစ်ပြီး ပွဲတိုင်းလိုလိုပါဝင်ကစားပေးနေရသူဖြစ်ပါတယ်။ ယူနိုက်တက်နဲ့အတူ ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတဦးအဖြစ်နဲ့ပါ သတ်မှတ်ခံထားရသူဖြစ်ပြီး ဗာရန်းနဲ့တွဲဖက်ကာ မာကျောတောင့်တင်းတဲ့ ခံစစ်အတွဲတတွဲကို ပုံဖော်ထားနိုင်သူလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က