အဲဗာတန်နဲ့ပွဲအပြီးမှာ ဂွါဒီယိုလာ အောင်ပွဲခံခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မနေ့ညက အဲဗာတန်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အ‌ဝေးကွင်းအထိ လိုက်ပါအားပေးတဲ့ မန်စီးတီးပရိသတ်တွေရှိရာကို သွားရောက် နှုတ်ဆက် အောင်ပွဲခံခဲ့ပါတယ်။ ဒီလိုမျိုး အောင်ပွဲခံတဲ့နေရာမှာ ဂွါဒီယိုလာက သူ့လက်နှစ်ချောင်းကို ထောင်ပြခဲ့ပြီး ဒါဟာ မန်စီးတီးတို့ နောက်ထပ်နှစ်ပွဲ နိုင်ရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ယူဆနေကြပါတယ်။



ဒါပေမယ့် မနေ့က မန်စီးတီးပွဲအပြီး ကစားသွားတဲ့ အာဆင်နယ်နဲ့ ဘရိုက်တန်ပွဲမှာတော့ ဘရိုက်တန်က သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် မန်စီးတီးတို့ လာမယ့်အပတ် ချဲလ်ဆီးနဲ့ပွဲမှာ အနိုင်ရတာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တော့မှာပါ။

မန်စီးတီးဟာ လက်ရှိအချိန်မှာ ဒုတိယနေရာက အာဆင်နယ်ထက် တစ်ပွဲလျော့ (၄) မှတ်အသာနဲ့ ဦးဆောင်နေပြီး အမှတ်ပေးချန်ပီယံဆုကို (၃) နှစ်ဆက် ဆွတ်ခူးဖို့ အခြေအနေကောင်းနေပါတယ်။ မနေ့ညကလည်း မန်စီးတီးတို့ ကစားရခက်တဲ့ အဲဗာတန်ရဲ့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ခဲ့တာပါ။

ဒီပွဲမှာ မန်စီးတီးအတွက် ဂိုးတွေကို ကွင်းလယ်လူ ဂွန်ဒိုဂန်က နှစ်ဂိုးနဲ့ တိုက်စစ်မှူး ဟာလန်းတို့က သွင်းယူပေးခဲ့ပြီး လွယ်ကူတဲ့ နိုင်ပွဲတစ်ပွဲကို ရယူခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဂွါဒီယိုလာက သူ့ရဲ့အောင်ပွဲခံဟန်နဲ့ ပတ်သက်လို့ မီဒီယာတွေရှေ့မှောက်မှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက “ဒါက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါ။ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ ဆုဖလားတော့ မရသေးပါဘူး။ ဒါပေမယ့် အိပ်မက်တွေက ဒီနေရာမှာ တကယ်ဖြစ်လာခဲ့ပါပြီ။ ဥရောပမှာ ပြိုင်ပွဲစုံအတွက် တိုက်ပွဲဝင်နေရတာ ကျွန်တော်တို့ တစ်သင်းပဲရှိပါတယ်။ အခုထိ မပြီးသေးပါဘူး။ ပရီးမီးယားလိဂ်က ဘယ်တော့မှ မပြီးဆုံးသွားပါဘူး”

“အာဆင်နယ်က နောက်နှစ်ပွဲကို နိုင်အောင် ကစားမှာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက် အသင်းတစ်သင်း ဖြစ်လာတော့မှာပါ။ 

Share

Loading Next Article...
က္က