တူရကီကလပ် အဒီမာစပေါ်မှာ ကစားနေတဲ့ ဘာလိုတယ်လီဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ထူးထူးဆန်းဆန်း အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံခဲ့ပြန်ပါတယ်။ အီတလီလူမျိုး တိုက်စစ်မှူး ဘာလိုတယ်လီဟာ ကွင်းတွင်း၊ ကွင်းပြင် အမူအကျင့်ဆိုးတွေကြောင့် နာမည်ပျက်ရှိနေပြီး ဒီလိုမျိုး တူရကီကလပ်ကို လာကစားတာက (၂၀၂၂) ကမ္ဘာ့ဖလားမှာ ပြန်လည်ပါဝင်နိုင်ဖို့အတွက်လို့ ဆိုထားတာပါ။
ဒါပေမယ့် တူရကီမြေမှာလည်း ဘာလိုတယ်လီတယောက် မကြာခဏဆိုသလို သတင်းခေါင်းစီးတပ်စရာ ကိစ္စတွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး ဒီတခေါက်မှာလည်း ထူးထူးဆန်းဆန်း အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်ကလပ် ဂါလာတာစာရေးကို အဒီမာစပေါ်တို့ အိမ်ကွင်းမှာနှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘာလိုတယ်လီက အသင်းဖော် ကစားသမားရဲ့ ခေါင်းကို ခြေထောက်နဲ့ကန်ပြီး အောင်ပွဲခံခဲ့တာပါ။
ဒီလိုအောင်ပွဲခံလို့ ဘာလိုတယ်လီ ဂိုးသွင်းလိုက်လို့လားဆိုရင်လည်း မဟုတ်ပါဘူး။ ဒီပွဲမှာရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးလုံးကို ယူနက်စ်အက်ဂ်ဂန်ကသာ သွင်းယူခဲ့တာပါ။ ဒီလိုမျိုး ဂိုးသွင်းခဲ့တဲ့ အက်ဂ်ဂန်ကို ဘာလိုတယ်လီရဲ့ ဂုဏ်ပြုအောင်ပွဲခံမှုကတော့ လူပြောစရာဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဘာလိုတယ်လီတယောက် ဒီအသင်းမှာ အငြင်းပွားဖွယ်ရာတွေလုပ်တာ ဒါ ပထမဆုံးမဟုတ်ပါဘူး။ ပြီးခဲ့တဲ့သြဂုတ်အတွင်းကလည်း လူစားလဲခံရပြီးနောက် ဘာလိုတယ်လီတယောက် အရံခုံတန်းမှာ မကျေမနပ်ဖြစ်ခဲ့ပြီး ဘေးမှာထိုင်နေတဲ့ အသင်းဖော်ကို လက်သီးနဲ့ထိုးခဲ့ပါသေးတယ်။
ဒါပေမယ့် ဘေးကအသင်းဖော်ကတော့ ဒါကို စိတ်ထဲမထားဘဲ ဘာလိုတယ်လီအကြောင်းကို ကောင်းကောင်းသိနေတဲ့ပုံစံနဲ့ပဲ ကျော်သွားခဲ့ပါတယ်။ ဘာလိုတယ်လီရဲ့ ကစားသမားဘဝတလျှောက် ပြဿနာပေါင်းစုံကတော့ ပြောလို့တောင်ဆုံးမှာမဟုတ်ဘဲ အမြဲတမ်းလိုလို ဟာသလုပ်ဖို့လည်း စဥ်းစားနေတယ်လို့ မန်စီးတီးအသင်းဖော်ဟောင်း မီကာရစ်ချက်က ပြောဖူးပါတယ်။
လက်ရှိအဒီမာစပေါ်မှာတော့ ဘာလိုတယ်လီက လိဂ်ပွဲ (၁၇) ပွဲကစား၊ သွင်းဂိုး (၅) ဂိုး သွင်းယူပေးထားနိုင်ပါတယ်။