ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ မာဆယ်လိုဟာ မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါ အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီချန်ပီယံဆုဖလားကြောင့်ပဲ မာဆယ်လိုက ရီးရဲလ်မက်ဒရစ်သမိုင်းတလျှောက်မှာ ချန်ပီယံဆုအများဆုံးရဖူးတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
အက်စ်ပန်ညိုကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ဒီပွဲမှာ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲထွက်ကစားခဲ့ပါတယ်။ ဘာနေဗျူးကွင်းထဲက ပရိသတ်တွေကလည်း ပွဲကစားချိန် (၇) မိနစ်မှာ ကစားသမားဟောင်း ရော်နယ်ဒိုရဲ့နာမည်ကို အော်ဟစ်အားပေးခဲ့သလို မာဆယ်လိုရဲ့နာမည်ကိုလည်း ထပ်မံအော်ဟစ်အားပေးခဲ့ပါတယ်။
မာဆယ်လိုအတွက်တော့ ဒီရာသီဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ နောက်ဆုံးသော ဘောလုံးရာသီဖြစ်လာခဲ့ပြီး ဥရောပကိုပါ နှုတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ လာလီဂါချန်ပီယံဆုနဲ့ အောင်ပွဲခံချိန်မှာလည်း မာဆယ်လိုက “ဒါက တကယ်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့အခိုက်အတန့်ပါပဲ။ ဒီလိုမျိုး အောင်ပွဲခံရတာ သိပ်ကောင်းပါတယ်”
“ဒါက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့သမိုင်းကြောင်းအတွက်ပါ။ ကျနော် ဆာဂျီယိုရာမို့စ်ကို ကျေးဇူးတင်ပါတယ်။ သူက ကျနော့်ကို ဒီလိုအောင်ပွဲခံတဲ့ စင်မြင့်ကို ခေါ်လာခဲ့ဖူးပါတယ်။ အခု ဒီချန်ပီယံဆုဖလားက ပရိသတ်တွေအတွက်ပါ။ လွန်ခဲ့တဲ့နှစ်နှစ် ကျနော်တို့ လာလီဂါချန်ပီယံဖြစ်ခဲ့တုန်းက အောင်ပွဲမခံနိုင်ခဲ့ပါဘူး”
“ပရိသတ်တွေနဲ့အတူ အောင်ပွဲခံရတာက အကောင်းဆုံးပါပဲ။ အိမ်ကွင်းပွဲကစားတယ်၊ ပြီးရင် ပရိသတ်တွေနဲ့ အောင်ပွဲခံခွင့်ရတယ်၊ ကစားသမားတွေအတွက်တော့ ဒါက ကြီးမားတဲ့ ပျော်စရာတခုပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ဟောင်းကြီး ရာမို့စ်ကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ဂုဏ်ပြုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နောက်ခံလူ နာချိုကလည်း ကွင်းအတွင်း အောင်ပွဲခံတဲ့နေရာမှာ တချိန်က ရာမို့စ် အောင်ပွဲခံခဲ့တဲ့ပုံစံအတိုင်းပဲ တထပ်တည်း အောင်ပွဲခံပြခဲ့ပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် ရာမို့စ်ကို လွမ်းဆွတ်ခဲ့ရပါတယ်။