ဟန်ဒါဆန်တယောက် အောင်ပွဲခံရင်း ခေါင်းကိုအရိုက်ခံလိုက်ရတာပါ။

မနေ့ညက အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်မှာ လီဗာပူးတို့ ၀-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို ခြေထောက်တဖက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အင်တာမီလန်ရဲ့ တုံ့ပြန်ပုံက အထင်ကြီးစရာကောင်းခဲ့ပေမယ့် ခက်ခဲတဲ့ပွဲတပွဲကို လီဗာပူးတို့ ဘယ်လိုအနိုင်ကစားရမယ်ဆိုတာကို သိခဲ့ပြီး ပွဲအပြီးမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



 

လီဗာပူးအတွက် အဖွင့်ဂိုးကို ဖေမီနိုက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းယူပြီး အဲ့ဒီနောက်မှာတော့ ဆာလာက ဧရိယာထဲမှာ ရှုပ်ယှက်ခက်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ကန်သွင်းယူခဲ့ပါတယ်။ ဖေမီနို ဂိုးသွင်းခဲ့တဲ့ ပွဲကစားချိန် (၇၅) မိနစ်မှာတော့ လီဗာပူးကစားသမားတွေ အောင်ပွဲခံရင်း ပရိသတ်တွေအတွက် ရယ်ရခက်၊ ငိုရခက်အဖြစ်မျိုးကို မြင်တွေ့ခဲ့ရပါတယ်။

 

ဟန်ဒါဆန်၊ ဒီယက်ဇ်၊ ကီတာ၊ ရော်ဘတ်ဆန်တို့အပါအဝင် လီဗာပူးကစားသမားတွေက ကွင်းဘေးစည်းမှာ ဖေမီနိုနဲ့အတူ လာရောက်အောင်ပွဲခံခဲ့ကြပြီး အဲ့ဒီအချိန် ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ လီဗာပူးနောက်ခံလူ မာတစ်ပ်က ဒီယက်ဇ်၊ ဖေမီနို၊ ဟန်ဒါဆန်တို့သုံးယောက်ရဲ့ ခေါင်းကို ရိုက်သွားခဲ့တာပါ။

 

မာတစ်ပ်ကတော့ အောင်ပွဲခံတဲ့အနေနဲ့ ရိုက်သွားခဲ့တာဖြစ်ပြီး ဒီယက်ဇ်၊ ဖေမီနိုတို့က တစုံတရာတုံ့ပြန်ခြင်းမရှိပေမယ့် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ စိတ်ဆိုးတဲ့ပုံစံနဲ့ မာတစ်ပ်ကို လှည့်ကြည့်ပြီး အော်ဟစ်ခဲ့ပါတယ်။ ပရိသတ်တယောက်က “ငါ ဒီပွဲကိုပြန်ကြည့်ပြီးပြီ။ ဒီဖြစ်ရပ်ကိုလည်း (၅) ခါလောက်ကြည့်ပြီးပြီ။ ငါအခုထိ ရယ်နေတာ မရပ်သေးဘူး” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

 

အခြားသော ပရိသတ်တွေလည်း “ပြန်ကြည့်လိုက်တဲ့အချိန်တိုင်း တော်တော်ရယ်ရပါတယ်” “ငါမြင်ဖူးသမျှ ဗီဒီယိုတွေထဲမှာ အရယ်ရဆုံးပဲကွာ” “အခု မနက်သုံးနာရီထိုးခါနီးနေပြီ။ ငါဒါကို ပြန်ပြန်ကြည့်ပြီး ရယ်နေတုန်းပဲ” လို့ တွစ်တာပေါ်မှာ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။ 

Share

က္က