ရာဇဝတ်မှုဖြင့်သံသယရှိသူတွေကို ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့က နိုင်ငံမှာလက်ခံကျင်းပသွားမယ့် အာရှအားကစားပြိုင်ပွဲ (Asian Games) မတိုင်မီ ရာဇဝတ်မှုနှိမ်နင်းရေး လုပ်ဆောင်ရာမှာ သေးငယ်တဲ့ပြစ်မှု ကျူးလွန်ကြောင်း သံသယရှိသူ ၁၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၁၇ ရက်) သတင်းထုတ်ပြန်ပါတယ်။

Photo: Reuters




ဇူလိုင်လဆန်းပိုင်းမှစပြီး ဂျကာတာမြို့မှာ ရာဇဝတ်မှုနှိမ်နင်းရေး လုပ်ဆောင်ခဲ့ရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းကို ပြန်လည်ခုံခံခဲ့တဲ့ သံသယရှိသူ ၅၂ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းနဲ့ ၎င်းတို့အနက်မှ ၁၁ ဦးဟာ ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

"သူတို့က ဖမ်းဆီးတာကို ပြန်ခုခံခဲ့ကြတာကြောင့် အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်သူတွေပါ" လို့ ဂျကာတာရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား အာဂိုယူဝိုနိုက ဆိုပါတယ်။

Photo: AFP/Adek BERRY



အာရှအားကစားပြိုင်ပွဲ မတိုင်မီ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ရာဇဝတ်မှုကျူးလွန်းကြောင်း သံသယရှိသူ ၂,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့လည်း အာဂိုယူဝိုနိုက ဖြည့်စွက်ပြောပါတယ်။

သြဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့် ဂျကာတာမြို့နဲ့ ဆူမာတြားကျွန်းပေါ်ရှိ ပလမ်ဘန်းမြို့တို့မှာ နောက်ထပ် ရဲတပ်ဖွဲ့ဝင်အင်အား ရာနဲ့ချီ ဖြည့်တင်းထားကာ ကင်းလှည့်စောင့်ကြပ်မှုတွေ ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

Photo: AFP



မကြာသေးမီက အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ မိသားစုလိုက် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အာရှအားကစားပြိုင်ပွဲကို အစ္စလာမ်မစ်စစ်သွေးကြွတွေက ပစ်မှတ်ထားတိုက်ခိုက်လာနိုင်မှုအပေါ် စိုးရိမ်နေခဲ့ကြပါတယ်။

မေလအတွင်း ဖြစ်ပွားခဲ့တဲ့ ဆူရာဘာယာမြိုတိုက်ခိုက်မှုတွေအပြီးမှာ အင်ဒိုနီးရှား အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က အကြမ်းဖက်အဖြစ် သံသယရှိသူ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောထားပါတယ်။

Photo: EPA



ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာလည်း အင်ဒိုနီးရှား ယဉ်ကျေးမှုမြို့တော် Yogyakarta မှာ ရဲတပ်ဖွဲ့က စီးနင်းမှုများအတွင်း အကြမ်းဖက်အဖြစ် သံသယရှိသူ ၃ ဦးကို အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

အာရှအားကစားပြိုင်ပွဲတွေ ကျင်းပပြုလုပ်သွားမယ့် ဂျကာတာ၊ ပလမ်ဘန်းနဲ့ အနောက်ဂျာဗားပြည်နယ်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၁၀၀,၀၀၀ ခန့် ချထားမယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောထားပါတယ်။

အင်ဒိုနီးရှားမှာ ကျင်းပပြုလုပ်မယ့် ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ အားကစားသမား ၁၁,၀၀၀ ကျော်က အားကစားနည်းမျိုးစုံမှာ ပါဝင်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က