နစ်နာသူ ကလေးငယ်ရဲ့မိခင်က ပြောကြားခဲ့တာပါ။

အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်မှာ ရော်နယ်ဒိုတယောက် ကျူးလွန်ခဲ့တဲ့လုပ်ရပ်က အဆိုပါကလေးငယ်အတွက် ဘဝတသက်တာ စိတ်ဒဏ်ရာရသွားစေနိုင်တယ်လို့ နစ်နာသူကလေးငယ်ရဲ့ မိခင်ကဆိုလာပါတယ်။ အသက် (၁၄) နှစ်အရွယ် အဲဗာတန်ပရိသတ် ကလေးငယ်အတွက် အဲ့ဒီပွဲက သူ့ဘဝမှာ ပထမဆုံး ကွင်းထဲသွားကြည့်ဖူးတဲ့ ဘောလုံးတပွဲဖြစ်ခဲ့ပါတယ်။



ဒါပေမယ့် ပွဲအပြီး ကွင်းထဲကထွက်လာချိန်မှာ ရော်နယ်ဒိုရဲ့လုပ်ရပ်က စိတ်ပျက်စရာကောင်းခဲ့ပြီး ရှုံးမဲ,မဲရုံထက် မပိုတဲ့လုပ်ရပ်တခုဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဝတ်လဲခန်းထဲအသွား သူ့ဆီ ဖုန်းလက်ကမ်းပေးနေတဲ့ အဆိုပါကလေးငယ်ရဲ့လက်ကို ရိုက်ချခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့လုပ်ရပ်ကြောင့် ဖုန်းကလည်း မြေကြီးပေါ် ကျသွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒီကလေးငယ်ရဲ့ ဇာတ်ကြောင်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့ပြီး မိခင်ဖြစ်သူက သူ့သားအကြောင်းနဲ့ပတ်သက်လို့ အပြည့်အစုံ ဖွင့်ဟခဲ့ပါတယ်။ အဆိုပါအမျိုးသမီးက “ကျမသားက အော်တစ်ဇင်တယောက်ပါ။ သူက စာတွေဆိုလည်း ကောင်းကောင်းမဖတ်နိုင်ပါဘူး”

“နောက်ပြီး အခုပွဲ (အဲဗာတန်နဲ့ယူနိုက်တက်) က သူ့ဘဝမှာ ပထမဆုံး ကွင်းထဲသွားကြည့်ဖူးတဲ့ ဘောလုံးပွဲတပွဲပါ။ ရော်နယ်ဒိုရဲ့အပြုအမူကြောင့် အခုချိန်ထိ ကျမသား အရမ်းကို တုန်လှုပ်ချောက်ချားနေရပါတယ်။ သူ နောက်တခါ ဘောလုံးပွဲသွားမကြည့်တော့တာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ကျမတို့တွေလည်း သူဒီလိုဖြစ်ခဲ့တဲ့အပေါ် ငိုကြွေးနေရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Unicef, Save The Children တို့လို အဖွဲ့အစည်းတွေရဲ့ သံတမန်အဖြစ် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေဆဲဖြစ်တဲ့ ရော်နယ်ဒိုရဲ့လုပ်ရပ်တွေကို ပရိသတ်တွေကလည်း ဝေဖန်နေကြပါတယ်။ ဒါ့အပြင် ဗြိတိန်အခြေစိုက် ကလေးသူငယ်ဆိုင်ရာ ဖောင်ဒေးရှင်းတခုကလည်း ရော်နယ်ဒိုကို သံတမန်အဖြစ် ခန့်အပ်ထားမှုအပေါ် ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ဒီဖြစ်ရပ်အတွက် ချက်ချင်းတောင်းပန်ခဲ့ပြီး အဆိုပါကလေးငယ်ကိုလည်း အိုးထရက်ဖို့ဒ်ဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် အဲဗာတန်အခြေစိုက်ရာ မာဆေးဆိုက်ဒ်ဒေသခံရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ နှစ်ဦးနှစ်ဖက်လုံးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အတည်ပြုထားပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က