အဌားယာဉ်မောင်းကို သတ်ပြီး ပစ္စည်းတွေ လုယက်ထွက်ပြေးသူ တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဧရာဝတီတိုင်း ရန်ကုန်-ပုသိမ်ကားလမ်းဘေးမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာကို တွေ့ရှိရတာကြောင့် စုံစမ်းရာ သေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်နေ အငှားယာဉ်မောင်း အေးမင်းဦးဆိုသူဖြစ်ကြောင်း သိရပါတယ်။
အမှုဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ရာ မတ်လ ၁၇ ရက် ည ၇ နာရီမှာ ထွန်းဇော်မျိုး(ခ) ထက်အောင်၊ အောင်အောင်(ခ)တင်မိုးအောင်၊ အောင်ကျော်ဟိန်း(ခ)မှန်ကြီး ဆိုသူ လူငယ် ၃ ဦးက သေဆုံးသူ မောင်းနှင်တဲ့ အဌားကားကို ချောင်းသာသို့ ဌားရမ်းခဲ့ပြီး ကျောင်းကုန်းမြို့နယ်၊ ဆူးပဒေါင်းကွင်းကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းဘေးအရောက်မှာ ယာဉ်မောင်းကို ဓားနဲ့ ထောက်ပြီး ဂစ်တာကြိုးနဲ့ လည်ပင်းကို ဆွဲညစ်ကာ လှီးဖြတ်ပြီး လမ်းဘေးချောက်ထဲကို တွန်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီနောက် ယာဉ်မောင်းရဲ့ HUAWEI ဖုန်းနှင့် ခလုတ်ဖုန်းတို့အား ယူဆောင်ခဲ့ပြီးနောက် အဆိုပါ ယာဉ်ကို လှိုင်သာယာမြို့နယ်ဘက်သို့ ပြန်လည်မောင်းနှင်ခဲ့ပြီး အရင်က ချိတ်ဆက်ထားတဲ့ ဆံရှည်(ခ)ဝင်းကျော်ထံမှာ ငွေကျပ်(၇၅၀၀၀၀)နဲ့ ရောင်းချခဲ့ပြီး သူတို့ ၃ ဦး ခွဲဝေယူခဲ့ကြတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
ပေါ်ပေါက်ချက်တွေအရ သက်သေခံအငှားယာဉ်ကို တောင်ကြီးမြို့ကနေ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန် သူ ထွန်းဇော်မျိုး(ခ) ထက်အောင်၊ အောင်အောင်(ခ)တင်မိုးအောင် နှင့် ဆံရှည်(ခ) ဝင်းကျော်သူ တို့ကို ဖမ်းဆီးရမိထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ကျော် ဟိန်း(ခ) မှန်ကြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။