ပရိသတ်တွေ စိတ်ကျေနပ်အောင် ရှင်းပြနေရတာပါ။

အယ်လ်နာဆာနည်းပြ လူး၀စ္စကက်စထရိုဟာ လာမယ့်အာရှချန်ပီယံလိဂ်ပွဲမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူးရော်နယ်ဒိုကို အနားပေးဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ပွဲမှာ လည်ပင်းဒဏ်ရာအနည်းငယ်ရှိနေလျက်နဲ့ ကစားခဲ့ရပြီး တိတ်တွေကပ်ကာ ကစားခဲ့ရပါတယ်။ ဒါကြောင့်လည်း အခုလာမယ့်ပွဲမှာ သူ့ကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ယူဆရပါတယ်။ 

အယ်လ်နာဆာဟာ အာရှချန်ပီယံလိဂ် အုပ်စုအတွင်းမှာ ၁၃ မှတ်အထိ ရရှိထားကာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အဓိက ကစားသမားတွေကို ချန်လှပ်ထားနိုင်မှာဖြစ်ပြီး ရော်နယ်ဒိုဟာ တာဂျစ်ကစ္စတန်ကလပ် Istiklol နဲ့ကစားရမယ့်ပွဲမှာ အသင်းနဲ့အတူ လိုက်ပါမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ 

ဒီချန်လှပ်မှုနဲ့ပတ်သက်ပြီး ကက်စထရိုက "ရော်နယ်ဒိုကို အားလုံးကချစ်ကြတာ ကျနော်သိပါတယ်၊ တကမ္ဘာလုံးမှာလည်း သူ့ကို အားပေးသူက အများကြီးပါ၊ ရော်နယ်ဒိုကိုယ်တိုင်ကလည်း ကမ္ဘာအနှံ့မှာ ကစားချင်နေတာပါ၊ ဒါပေမယ့် အခုဆုံးဖြတ်ချက်အတွက်တော့ သူလည်း ကျေနပ်ပျော်ရွှင်နေမယ်လို့ ထင်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ အာရှချန်ပီယံလိဂ်မှာ ၅ပွဲကစားပြီး ၃ဂိုးသွင်းယူထားကာ ၂ကြိမ်ဖန်တီးပေးထားပါတယ်။ အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ အသင်းရဲ့ အဓိကကစားသမားအဖြစ်နဲ့ ပါဝင်ကစားနေပြီး ပြိုင်ပွဲစုံသွင်းဂိုး ၁၈ ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ 

အယ်လ်နာဆာဟာ ဒီပွဲကစားပြီးရင် ဆော်ဒီလိဂ်ပွဲအဖြစ် အယ်လ်ရီယက်ဒ်နဲ့ ကစားမှာဖြစ်ပြီး အဲဒီနောက်မှာ ဆော်ဒီဘုရင့်ဖလားကွာတားဖိုင်နယ်အဖြစ် အယ်လ်ရှာဘတ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က