ဖူလ်ဟမ်နဲ့ပွဲမှာ စပါးအတွက် တဂိုးသွင်းပေးခဲ့ပြိးနောက် ဆွန်ဟောင်မင်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်းဟာ ၁၁၀ အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ သူ့ထက်ပိုပြီး ဂိုးသွင်းနိုင်တဲ့ ကစားသမားကလည်း ၂၄ ဦးသာ ရှိပါတော့တယ်။ အဲဒီထဲမှာ တိုက်စစ်မှူးစစ်စစ်အများအပြားပါဝင်ပြီး ဆွန်လိုမျိုး တောင်ပံအားပြုတိုက်စစ်ကစားသမား ပါဝင်မှုက နည်းပါးပါတယ်။
ဒီရာသီမှာလည်း ဆွန်က လိဂ်ပွဲ ၉ ပွဲကစားပြီးချိန်မှာပဲ ၇ ဂိုးအထိရရှိထားကာ ဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားပါတယ်။ နည်းပြကြီးအန်ဂီလက်အောက်မှာ သူ့ကို နံပါတ် ၉ တိုက်စစ်မှူးပုံစံပြောင်းကစားခိုင်းတာကိုလည်း အံဝင်အောင်ကစားနိုင်ခဲ့ကာ ခြေစွမ်းပိုင်းက တော်တော်လေးအားရစရာကောင်းနေခဲ့ပါတယ်။
ကစားသမားသစ် မက်ဒီဆန်နဲ့လည်း အတွဲအဖက်ညီနေပြီး နှစ်ယောက်သားက အပြန်အလှန်ဖန်တီးပေးတာ၊ ဂိုးတွေသွင်းယူနေတာက စပါးကို ရှုံးပွဲမရှိဘဲ ဇယားထိပ်ဆုံးမှာ ရှိနေစေဖို့အတွက် ကြီးမားတဲ့ အထောက်အကူပြုခဲ့ပါတယ်။ အခုဆိုရင် သူနဲ့ မက်ဒီဆန်အတွဲကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲလို့တောင် ချီးကျူးနေကြပါပြီ။
အာရှသားတဦးအနေနဲ့ လိဂ်ဂိုး ၁၁၀ အထိ ရအောင် သူ လုပ်နိုင်ခဲ့တာကလည်း တကယ်အံ့မခန်းပါပဲ။ အာရှသားတွေဆိုရင် နေရာမပေးချင်၊ ခွဲခြားချင်တဲ့ ဒီလိုလိဂ်မှာ ဆွန်က အာရှဂုဏ်ကိုဆောင်နိုင်ခဲ့ပြီး နောက်ဆို အာရှသားတွေအပေါ် အထင်မသေးဖို့အတွက်ပါ သူက လမ်းကြောင်းဖောက်ပေးသလို ဖြစ်နေခဲ့ပါပြီ။