တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ စနေနေ့ညနေက ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် သွင်းဂိုးသွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ စနေနေ့မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံး အာရှကစားသမားဖြစ်လာပြီး ဘောလုံးသမိုင်းမှာ ၎င်းရဲ့ နာမည်ကို ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟာ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးအပေါ်ထောင့်ထဲကို ဝေ့ဝိုက်ကန်သွင်းပြီး ပရီးမီးယားလိဂ်မှာ ၎င်းရဲ့ တောက်ပတဲ့ကစားသမားဘဝအတွက် နောက်ထပ် မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်မှာ လေဗာကူဆင်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက တော့တင်ဟမ် ဟော့စပါးအသင်းမှာ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သူဖြစ်ပြီး တစ်ဦးချင်း ဆုတံဆိပ်အများအပြားကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ဘန်လေနဲ့ပွဲစဉ်မှာ တကိုယ်တော် သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ၂၀၁၉-၂၀၂၀ ရာသီ ပွတ်ရှ်ကက်ရှ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့ ပူးတွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တာကြောင့် အင်္ဂလိပ်ထိပ်တန်းလိဂ်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ အဆင့် ၃၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။