ခရီးသွားတွေ သဘောကျတဲ့ အင်ဒိုနီးရှားက သွားလည်သင့်တဲ့နေရာများ ကို တစ်ပေါင်းတစ်စည်းတည်း မြင်တွေ့ရမှာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကျွန်းနိုင်ငံဖြစ်ပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကျွန်းတွေပေါ်မှာ မရေတွက်နိုင်အောင်များပြားတဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေနဲ့ သဘာဝအလှတွေ ရှိပြီး ခရီးသွားတွေ သဘောကျတဲ့နေရာတွေကတော့ နာမည်ကျော်ကမ်းခြေတွေ၊ သမိုင်းဝင်စေတီပုထိုးတွေ၊ မီးတောင်တွေ မိုးသစ်တောတွေနဲ့ မျိုးစိတ် ၄၀၀ ကျော်တဲ့ သက်ရှိဇီဝမျိုးစုံပဲ ဖြစ်ပါတယ်။



အင်ဒိုနီးရှားကို ရောက်ရင် သွားလည်သင့်တဲ့နေရာများ ကိုတင်ဆက်ပေးလိုက်ပါတယ်။

ဘာလီကျွန်း

"နတ်တွေရဲ့ ကျွန်း"လို့ တင်စားကြတဲ့ ဘာလီကျွန်းဟာ လှပတဲ့ ကမ်းခြေ၊ စိုက်ခင်း၊ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် နာမည်ကြီးပါတယ်။ စိမ်းလန်းတဲ့ စိုက်ခင်းတွေကြားမှာ တည်ရှိတဲ့ Ubud မြို့ဟာ ယဉ်ကျေးမှုကြွယ်ဝပြီး Tanah Lot နဲ့ Uluwatu ဘုရားကျောင်းတွေဟာ ပင်လယ်ကျောက်ဆောင် နတ်ကွန်းတွေပေါ်မှာ တည်ရှိပြီး နေဝင်ချိန်ရှုခင်းတွေမှာ ရင်သပ်ရှုမောဖွယ် ဆန်းပြားတဲ့မြင်ကွင်းကို ရှုမြင်ရမှာပါ။ 

Borobudur စေတီတော် 

ဂျာဗားကျွန်းမှာ တည်ထားတဲ့ ဒီရှေးဟောင်းဗုဒ္ဓစေတီတော်ဟာ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာစေတီဖြစ်ပြီး ခရစ်နှစ် ၈ ရာစုဝန်းကျင်က တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ယူနက်စကိုစာရင်းဝင်တဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုလည်း ဖြစ်ပြီး စေတီတော်ကို အဆင့် (၉) ဆင့်ပုံစံနဲ့ တည်ထားတာဖြစ်ပါတယ်၊ ဒိစေတီတော်ကြီးကို မီးတောင်ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး အပေါ်ထပ်ကို တက်သွားလေလေ၊ ပိုပြီး စိတ်ငြိမ်အေးချမ်းမှုကို ခံစားရလေလေ ခံစားရမှာ ဖြစ်ပါတယ်။ စေတီတော်ကြီးရဲ့ နံရံတွေမှာ ဆေးရေးပန်းချီကားတွေ ထွင်းထုထားပြီး အဲဒီခေတ်ကာလရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုမြင့်မားမှုကို ထင်ဟပ်စေပါတယ်။ 

Bromo မီးတောင်

အရှေ့ဂျာဗားမှာ တည်ရှိတဲ့ ဒီမီးတောင်ရဲ့ ထူးခြားတဲ့ သဘာဝအလှနဲ့ မနက်ခင်းနေထွက်ချိန်ရှုခင်းကြောင့် လူသိများပါတယ်။ လာလည်သူတွေရဲ့ အဓိကရည်ရွယ်ချက်ကလည်း မနက်ခင်း နေထွက်ချိန်ကို ကြည့်ရှုဖို့ဖြစ်ပြီး ဧပြီလ မှ အောက်တိုဘာလအတွင်း သွားလည်နိုင်ပါတယ်။ 

Komodo အမျိုးသားဥယျာဉ်

ကမ္ဘာပေါ်တွင် အကြီးဆုံး တွားသွားသတ္တဝါဖြစ်သော Komodo Dragon တွေကို တွေ့မြင်နိုင်မယ့် နေရာဖြစ်ပါတယ်။ ဒီဥယျာဉ်မှာ စိမ်းလန်းတဲ့ တောင်ကုန်း၊ ပန်းရောင်သဲသောင်ပြင်နဲ့ မှော်ဆန်တဲ့ ရေအောက်ကမ္ဘာကြောင့်လည်း ကျော်ကြားပါတယ်။ Padar ကျွန်းရဲ့ အမြင့်ဆုံးနေရာကနေ လှမ်းကြည့်လိုက်ရင် အံ့မခန်းဖွယ်ရာမြင်ကွင်းဖြစ်တဲ့ အဖြူ၊ ပန်းရောင်နဲ့ အနက် သုံးမျိုးရောစပ်ထားတဲ့ သုံးရောင်ခြယ်သဲသောင်ပြင်နဲ့ ကြည်လင်တဲ့ ပင်လယ်ပြာကို တစ်ပေါင်းတစ်စည်းတည်း မြင်တွေ့ရမှာပါ။

Tana Toraja

ဆူလာဝေစီကျွန်းမှာ ရှိတဲ့ ဒီဒေသကတော့ ထူးခြားသော ကိုယ်ပိုင်ယဉ်ကျေးမှု၊ တောင်ပေါ်ဒေသနဲ့ ထုံးတမ်းစဉ်လာတွေကြောင့် လူစိတ်ဝင်စားမှု များပါတယ်။ ဒေသခံတွေရဲ့ နာမည်ကျော် Tongkonan ရိုးရာအိမ်တွေဟာ လှေပုံသဏ္ဍာန် ခေါင်မိုးဟာ အပေါ်ဘက်ကို ကော့တက်နေပြီး ကောင်းကင်ဘက်ကို ရည်ညွှန်းနေသလိုမျိုး ထင်ရပါတယ်။ ဒီအိမ်ပုံစံဟာ ရှေးဟောင်း တိုရာဂျာလူမျိုးတွေရဲ့ နတ်ဘုရားဆီကို ချိတ်ဆက်မှုအဖြစ် သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ ယဉ်ကျေးမှုကြောင့်ပဲ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု ရှိသော နေရာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

ယဉ်ကျေးမှုနဲ့ လူနေမှုဘဝ

အင်ဒိုနီးရှားနိုင်ငံဟာ လူမျိုးစုပေါင်း ၆၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေ ပေါင်းစပ်နေပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓ၊ အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာတွေကို ကိုးကွယ်ကြပြီး အင်ဒိုနီးရှားလူမျိုးတွေဟာ အလွန်ဖော်ရွေပြီး ဧည့်ဝတ်ကျေပွန်ကြပါတယ်။ အင်ဒိုနီးရှားယဉ်ကျေးမှုမှာ "မိသားစု" ဟာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

အစားအသောက် 

အင်ဒိုနီးရှားအစားအစာတွေဟာ အမျိုးအမည် အလွန်များပြားပြီး ပုံစံမျိုးစုံ၊ အရသာမျိုးစုံရှိပါတယ်။ Nasi Goreng ထမင်းကြော်၊ Satay အသားကင်ချောင်းနဲ့ Rendang အမဲသားဟင်းတွေကတော့ လူကြိုက်အများဆုံးပဲ ဟင်းပွဲတွေဖြစ်ပါတယ်။

ခရီးသွားဖို့ အကောင်းဆုံး အချိန်ကတော့ မေလမှ စက်တင်ဘာလ အတွင်း ဖြစ်ပါတယ်။ အခုလောက်ဆိုရင်တော့ အင်ဒိုနီးရှားကို သွားလည်တဲ့အခါ ဘယ်နေရာတွေ လည်ဖို့ရှိမလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က