၂၀၂၃ အာရှ ယူ-၂၀ ဖလားပြိုင်ပွဲကို ဥဇဘက်ကစ္စတန်မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။ အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး အဖွင့်ပွဲတွေမှာတော့ ဗီယက်နမ်က ဩစတြေးလျကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ကာ အာဆီယံဒေသတွင်းရဲ့ အကောင်းဆုံးအသင်းဆိုတာကို သက်သေပြခဲ့ပြိး အင်ဒိုနီးရှားကတော့ အီရတ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
အင်ဒိုနီးရှားကတော့ လာမယ့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ဒီ အာရှ ယူ-၂၀ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ့် အသင်း ၄ သင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး အင်ဒိုနီးရှားကတော့ အိမ်ရှင်ဖြစ်တာကြောင့် အလိုအလျောက်ဝင်ကစားခွင့်ရထားပြီးဖြစ်ပါတယ်။
အခြားသောပွဲတွေမှာ အိမ်ရှင်ဥဇဘက်က ဆီးရီးယားကို ၂-၀၊ အီရန်က ကာတာကို ၁-၀ တို့နဲ့ အနီုင်ရရှိထားပြီး ဒီနေ့မှာတော့ တောင်ကိုရီးယားနဲ့ အိုမန်၊ တာဂျစ်ကစ္စတန်နဲ့ ဂျော်ဒန်တို့ ကစားသွားကြမှာဖြစ်ပါတယ်။ ဗီယက်နမ်ကတော့ ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားခွင့်ရနိုင်ဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်သွားပြီး ကာတာ၊ အီရန်တို့နဲ့ပွဲတွေမှာ ရလဒ်ကောင်းမယ်ဆိုရင် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ယူ-၂၀ ကမ္ဘာ့ဖလားရဲ့ လက်ရှိချန်ပီယံကတော့ ယူကရိန်းဖြစ်ပြီး ၂၀၂၃ ပြိုင်ပွဲကြီးကိုတော့ လာမယ့် မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းကတော့ အာဂျင်တီးနားဖြစ်ပြီး ၆ ကြိမ်တိတိ ချန်ပီယံဖြစ်ခဲ့ပါတယ်။