အာဆီယံနောက်တသင်းဖြစ်တဲ့ အင်ဒိုနီးရှားကလည်း မျှော်လင့်ချက်ရှိနေပါသေးတယ်။

ဥဇဘက်ကစ္စတန်မှာ ကျင်းပနေတဲ့ AFC U-20 ပြိုင်ပွဲမှာ ဗီယက်နမ်ကတော့ အုပ်စုတွင်း နှစ်ပွဲဆက်တိုက်အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ အခြေအနေတော်တော်လေးကောင်းသွားခဲ့ပါပြီ။ အဖွင့်ပွဲမှာ ဩစတြေးလျကို အနိုင်ရခဲ့တဲ့ ဗီယက်နမ်က ဒုတိယပွဲမှာလည်း ကာတာကို ၂-၁ နဲ့ အနိုင်ယူပြီး ၂ပွဲကစား ၂ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါပြီ။ 

ကာတာနဲ့ပွဲမှာ ဗီယက်နမ်က ဦးဆောင်ဂိုးစသွင်းခဲ့ပြီး ၈၄ မိနစ်မှာ ကာတာက ပင်နယ်တီကနေ ပြန်ချေပခဲ့ပေမယ့် မိနစ် ၉၀ မှာ အနိင်ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ဗီယက်နမ်က အုပ်စုနောက်ဆုံးပွဲအဖြစ် အီရန်နဲ့ ၇ ရက်နေ့မှာ ကစားရမှာဖြစ်ပြီး သရေကစားရုံနဲ့ အုပ်စုဗိုလ်ဖြစ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ 

လာမယ့် ၂၀၂၃ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အင်ဒိုနီးရှားကနေ အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့်လည်း ဒုတိယမြောက်ပွဲမှာတော့ ဆီးရီးယားကို ၁-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အရေးရှိနေပြီး အုပ်စုနောက်ဆုံးပွဲမှာ နာမည်ကြီး ဥဇဘက်ကစ္စတန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ဗီယက်နမ်ကတော့ လက်ရှိခြေစွမ်းအရ ဆီမီးဖိုင်နယ်အဆင့်ထိကို မျှော်လင့်နိုင်ပြီး အဲဒီအထိ တက်ရောက်ခဲ့မယ်ဆိုရင် ယူ၂၀ ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားခွင့်ရမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားကတော့ အိမ်ရှင်ဖြစ်တာကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပြီး ဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်မယ့် အသင်းလေးသင်းက ကမ္ဘာ့ဖလားပွဲကို ဝင်ကစားခွင့်ရမှာဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က