နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြန်တာပါ။

မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အာဆင်နယ်တို့ရဲ့ပွဲမှာတော့ အာဆင်နယ်တို့ အဝေးကွင်းမှာ ရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့ပြီး မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် တရားဝင် အောင်ပွဲခံခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရာသီတစ်လျှောက်လုံးနီးပါး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ ဆက်တိုက် ခြေချော်ခဲ့တာကြောင့် အခုလို အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။



ဒီပွဲမှာ အာဆင်နယ်တို့ အဓိက,ကစားသမားအစုံအလင်နဲ့ပဲ ပွဲထွက်လာခဲ့ပေမယ့် တစ်ဖက်မှာလည်း တန်းဆင်းဇုန်ရုန်းအားရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ နော်တင်ဟမ်ဖောရက်စ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အဝိုနီယီက ပထမပိုင်းမှာကတည်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ အာဆင်နယ်တို့ ချေပဂိုးရရှိဖို့ ဆက်တိုက်ကြိုးစားခဲ့ပေမယ့် အိမ်ရှင်ဘက်ကလည်း တစ်သင်းလုံး ခံစစ်ဆင်းကစားခဲ့ပြီး အာဆင်နယ်တို့ အကြီးအကျယ် အခက်တွေ့ခဲ့ရပါတယ်။ နောက်ဆုံး ပွဲပြီးသွားတဲ့အထိ အာဆင်နယ်တို့ ချေပဂိုးမရခဲ့တာကြောင့် ချန်ပီယံဆုဖလား မျှော်လင့်ချက် လုံးဝ ကုန်ခမ်းသွားခဲ့ပြီး မန်စီးတီးက မနက်ဖြန် ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာတင် ချန်ပီယံဖြစ်သွားခဲ့တာပါ။

အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်ကတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားခဲ့ပြီလို့ ပြောနိုင်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အစောပိုင်းပွဲစဥ်တွေမှာ အဲဗာတန်က ဝုလ်ဗ်ကို အရေးနိမ့်ခဲ့သလို လိဒ်စ်နဲ့ လက်စတာတို့ရဲ့ လက်ရှိအနေအထားကလည်း တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ဖို့ ခက်ခဲနေခဲ့ပါပြီ။

အာဆင်နယ်ကတော့ ပြီးခဲ့တဲ့အပတ်ကလည်း ဘရိုက်တန်ကို အိမ်ကွင်းမှာ အ‌ရေးနိမ့်ခဲ့ပြီး အခု နော်တင်ဟမ်ဖောရက်စ်ကိုပါ ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့ အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် အရေးအကြီးဆုံးအချိန်တွေမှာ မလိုလားအပ်တဲ့ ရမှတ်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပြီး အသင်းအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်ဖို့အတွက် လိုအပ်ချက်တွေရှိနေသေးတာကို သိသာထင်ရှားစေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က