မနှစ်ကအပေါ်ထပ် လေ့လာခွင့်ကို ပိတ်ထားခဲ့တာပါ။

ဒီနှစ်မှာတော့ အပေါ်ထပ်တက်ဖို့လှေကားကို ကြံ့ခိုင်မှုရှိအောင် ပြုပြင်ဆောင်ရွက်ပြီးဖြစ်လို့ ပြန်လည်လေ့လာခွင့်ပေးမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။

photo-MOI



၂၀၁၈ ခုနှစ် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းမိသားစု နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်နေအိမ်အပေါ်ထပ်ကို လှေကားကြံ့ခိုင်မှုအားနည်းချက်ကြောင့် တက်ရောက် လေ့လာကြည့်ရှုခွင့်မပြုခဲ့ပါဘူး။ ယခုနှစ် ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့မှာတော့ ဗိုလ်ချုပ်နေအိမ်အပေါ်ထပ်ကိုလည်း ပြန်လည်လေ့လာကြည့်ရှုခွင့်ပြုမှာ ဖြစ်တယ်လို့သိရပါတယ်။

“မနှစ်က ပြတိုက် အပေါ်ပိုင်းတက်တဲ့လှေကားက ကြံ့ခိုင်မှုအားနည်းခဲ့လို့ အပေါ်ပိုင်းတက်ရောက်ခွင့်ကို မပြုခဲ့ဘူး။ ဒီနှစ်ကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အထွေထွေမွမ်းမံရေးလုပ်ငန်းအောက်မှာ လုပ်ငန်းစဉ်(၉)ခုပါတယ်။ အဲဒီလုပ်ငန်းစဉ်(၉)ခုထဲမှာမှ ပြတိုက်အတွင်း အတက်လှေကားနဲ့ ကြမ်းခင်းကို ဦးစားပေးအနေနဲ့ ဆောင်ရွက်ခဲ့တယ်။ အခု လှေကားကိုလည်း ပြုပြင်ပြီးသွားပြီ ကြံ့ခိုင်မှုလည်းရှိသွားပြီဖြစ်လို့ ဒီနှစ် အာဇာနည်နေ့မှာ အပေါ်ထပ်ကို ပြန်လည်လေ့လာကြည့်ရှုခွင့်ပေးမှာဖြစ်တယ်“ လို့ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဇူလိုင်လ(၄)ရက်နေ့မှာ Duwun ကိုပြောပါတယ်။

ယခုနှစ် အာဇာနည်နေ့မှာတော့ လေ့လာရေးကို လမ်းကြောင်းပြောင်းထားပြီးတော့ ပထမဆုံးဝင်ဝင်ချင်းမှာပဲ ဗိုလ်ချုပ်ရဲ့ကားကို အရင်ကြည့်ရှုရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ရှားပါးပြီး ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူမျိုးစုံနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ တံဆိပ်ခေါင်းတွေကိုလည်း (၈) ပေလောက်ရှိတဲ့ ဘုတ်(၁၈)ချပ်လောက်နဲ့ ပြသသွားမယ်လို့ ဦးခင်မောင်စိုးကပြောပါတယ်။

ဇူလိုင်လ(၁၈)ရက်နေ့အထိကို ပြင်ဆင်မှု၊ ဖြည့်ဆည်းမှုလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်လို့ ဗိုလ်ချုပ်ပြတိုက်ကို ယာယီပိတ်ထားပြီး ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့မှာတော့ နံနက်(၆)နာရီကနေ ညနေ(၆)နာရီထိ၊ ဇူလိုင်လ(၂၀)ရက်နေ့နဲ့ (၂၁)ရက်နေ့တွေမှာတော့ မနက်(၈)နာရီကနေ ညနေ(၅)နာရီထိ ဖွင့်လှစ်ပေးသွားမှာပါ။

အဆိုပါ (၃)ရက်မှာ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ပုံမှန်ရက်တွေမှာတော့ နိုင်ငံခြားသားတွေအနေနဲ့ တစ်ဦးကို (၅၀၀၀)ကျပ်နှုန်း ဝင်ကြေးကောက်ခံလျှက်ရှိတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က