Microsoft ရဲ့ စံချိန်တင် ပိုက်ဆံသုံးပြီး လုပ်ငန်းဝယ်ယူမှုတစ်ခုပါ။

Call of Duty နဲ့ World of Warcraft တို့လို ဂိမ်းကြီးတွေ ရေးဆွဲထုတ်လုပ်ခဲ့တဲ့ ဂိမ်းထုတ်လုပ်ရေးလုပ်ငန်းကြီး Microsoft က ဝယ်ယူလိုက်ကြောင်း ကြေညာသွားပါတယ်။

အမေရိကန်ဗွီဒီယိုဂိမ်းထုတ်လုပ်ရေးလုပ်ငန်း Activision Blizzard ဟာ ဂိမ်းစတူဒီယို အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းကြီး ဖြစ်ပြီး ၁၉၇၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ ဝင်ငွေအမြင့်ဆုံး ဂိမ်းကုမ္ပဏီစာရင်းမှာ Tencent နဲ့ Sony ပြီးရင် Activision က တတိယအကြီးဆုံးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 



Photo: GSMArena


Activision ကို ရှယ်ယာတစ်စု ၉၅ ဒေါ်လာသတ်မှတ်ပြီး ဒေါ်လာ ၆၈.၇ ဘီလျံအထိ ပေးဝယ်ခဲ့တာ ဖြစ်ပြီး ငွေသားနဲ့ပဲ ချေသွားတာလို့ အရောင်းအဝယ်ပြီးပြတ်ချိန်မှာ Microsoft က ကြေညာပါတယ်။ Microsoft ဟာ ၂၀၁၆ ခုနှစ်က LinkedIn ကို ဒေါ်လာ ၂၆ ဘီလျံ ပေးဝယ်ခဲ့တာထက် ၃ ဆလောက် ပိုများတဲ့ ပမာဏနဲ့ လုပ်ငန်းတစ်ခုကို ဝယ်ယူလိုက်တာပါ။

“ကျွန်တော်တို့ဟာ ဂိမ်းကစားသူတွေနဲ့ ဖန်တီးသူတွေကို ဦးစားပေးပြီး ဂိမ်းပိုင်းမှာ ဘေးကင်းပြီး အားလုံး ပါဝင်နိုင်တဲ့ ၊ အားလုံး ဝင်ရောက်နိုင်မယ့် ဂိမ်းခေတ်သစ်တစ်ခုထဲ ဆွဲခေါ်နိုင်ဖို့ ကမ္ဘာ့အဆင့် Content ၊ Community အသိုင်းအဝိုင်းနဲ့ Cloud ပိုင်းမှာ နက်နက်နဲနဲ ရင်းနှီးမြှပ်နှံနေပါတယ်” လို့ Microsoft အမှုဆောင်အရာရှိချုပ် ဆတ္တယာ နာဒဲလာက ဆိုပါတယ်။

Microsoft ဟာ ၂၀၁၄ ခုနှစ်မှာ Minecraft ဖန်တီးတဲ့ Mojang ကုမ္ပဏီကို ဒေါ်လာ ၂.၅ ဘီလျံနဲ့ ဝယ်ခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း ဂိမ်းထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Bethesda ကို ဒေါ်လာ ၇.၅ ဘီလျံနဲ့ ဝယ်ယူမှု လုပ်ဆောင်ခဲ့ပါတယ်။ Activision ကို ဝယ်ယူခြင်းကလည်း ဂိမ်းထုတ်လုပ်ရေးအပြင် နောင်တစ်ချိန် Metaverse ပလက်ဖောင်းများဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။ 

Photo: martechseries


အရောင်းအဝယ် ပြီးပြတ်တာနဲ့ Activision ထုတ် ဂိမ်းတွေကို Xbox Game Pass ထဲ ထည့်သွင်းသွားတော့မှာပါ။ Xbox Game Pass ဟာ လက်ရှိမှာ Subscriber ပေါင်း ၂၅ သန်းအထိ ရှိလာပြီ ဖြစ်သလို Microsoft အနေနဲ့ စတူဒီယိုတွေ ဝယ်ပြီး Subscription Service ကို အရှိန်မြှင့်နေပါတယ်။ 

Activision ကို ဝယ်ယူမှုနဲ့အတူ Microsoft ဟာ Warcraft ၊ Diablo ၊ Overwatch ၊ Call of Duty နဲ့ Candy Crush တို့လို ဂိမ်း franchises တွေ မကြာခင် ဖြန့်ချိဖို့လည်း ပြင်ထားပါတယ်။ Activision Blizzard ဂိမ်းထုတ်လုပ်ရေးလုပ်ငန်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိကြောင်း တိုင်ချက်တွေ ထွက်လာပြီးနောက် ၆ လအကြာမှာ Microsoft က ဝယ်ယူလိုက်တာပါ။

Photo: NBC News


စက်တင်ဘာလထဲမှာ Activion ဟာ အမေရိကန်နိုင်ငံ လုပ်ငန်းခွင်တန်းတူညီမျှမှု အခွင့်အရေးကော်မရှင်နဲ့ အမှုဖြစ်ပြီး နစ်နာတဲ့ဝန်ထမ်းတွေကို ဒေါ်လာ ၁၈ သန်း ပေးဆောင်စေဖို့ပါ အတိုင်ခံထားရပါတယ်။ ဇူလိုင်လကစပြီး Activision Blizzard ဝန်ထမ်း ၄၀ နီးပါးလည်း ကုမ္ပဏီက အလုပ်ထွက်သွားကြပါတယ်။ 

လက်ရှိမှာ Activision Blizzard အမှုဆောင်အရာရှိချုပ်အဖြစ် နာမည်ပျက်ရှိနေတဲ့ ဘော့ဘီ ကော့တစ်ပဲ တာဝန်ယူထားပေမယ့် အရောင်းအဝယ်ပြီးပြတ်လို့ Microsoft လက်ထဲ ရောက်သွားချိန်မှာ Xbox အကြီးအကဲ ဖီးလ် စပင်ဆာကို CEO အဖြစ် ခန့်အပ်ဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က