စပိန်ဂျာနယ်လစ် ဂီယမ် ဘာလာဂေးက ယခုနွေရာသီမှာ လီယွန်နယ် မက်ဆီအနေနဲ့ ပီအက်စ်ဂျီကို ဘာကြောင့် မစွန့်ခွာဖို့များနေလဲဆိုတဲ့ အဓိကအကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
El Futbolero ရဲ့သတင်းအရ စိတ်ချယုံကြည်ရတဲ့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူက ဘလွန်ဒေါ ၇ ဆုရှင်ဟာ အဓိကအကြောင်းအရင်းတစ်ခုကြောင့် ပီအက်စ်ဂျီအသင်းမှာ ဆက်နေသွားဖို့ ပြင်နေတယ်လို့ ယုံကြည်နေပါတယ်။ ဂီယမ် ဘာလာဂေးက လီယွန်နယ်မက်ဆီနဲ့ ၎င်းရဲ့ မိသားစုဟာ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မှာ အလွန်ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်နဲ့ မိသားစုဟာ တော်တော်လေး အခြေကျနေပြီဖြစ်တယ်လို့ သိရပါတယ်။
မက်ဆီကလည်း နူးကမ့်မှာရှိခဲ့တဲ့ နောက်ဆုံးအချိန်တွေတုန်းကလို မဟုတ်ဘဲ ပီအက်စ်ဂျီအသင်း ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့တယ်လို့ ဘာလာဂေးက ပြောကြားခဲ့ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ လက်ရှိမှာ လီဂူးဝမ်းချန်ပီယံတွေနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အပေါ်မှာ အပြည့်အဝအာရုံစိုက်နေတယ်လို့ သိရပါတယ်။ လီယွန်နယ် မက်ဆီဟာ စိတ်ပျက်စရာ ပွဲဦးထွက်ရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် အထင်ကြီးဖွယ်ခြေစွမ်း ပြသနေခဲ့သူဖြစ်ပြီး အသင်းနဲ့ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဘာစီလိုနာနဲ့ အင်တာမိုင်ယာမီကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပေမယ့်လည်း လက်ရှိအချိန်အထိတော့ တရားဝင်ကြေညာရခြင်း မရှိသေးတာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ၂၁ နှစ်ကြာ သံယောဇဉ်ကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။