ရှစ်ဦးသေဆုံးပြီး နောက်ထပ်ငါးဦး ပျောက်ဆုံးနေပါတယ်။

အင်ဒိုနီးရှားမှာ ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့ရာ ကျောင်းသူကျောင်းသား ရှစ်ဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ပျောက်ဆုံးနေပါတယ်။

သူတို့က မြစ်ကြောင်းတစ်လျှောက် ခြေကျင်လျှောက်သွားနေကြတုန်းမှာ ရုတ်တရက် ရေကြီးမှုဖြစ်ခဲ့တာပါ


(Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်ရှိ Yogyakarta အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြောက်ဘက် Selman နယ်မြေမှာ အပျော်စခန်းချခရီးထွက်လာတဲ့ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများ ရှိနေခဲ့ကြစဥ် ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား National Disaster Mitigation Agency (BNPB) မှ ပြောခွင့်ရအမျိုးသား Agus Wibowo က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားမှုအရ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့ရာ Sempor မြစ်အတွင်း ကယ်ဆယ်ရေးသမားတွေက နောက်ထပ် အလောင်းလေးလောင်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ထိုနေ့အစောပိုင်းက မြစ်အတွင်းမှ အလောင်းလေးလောင်းကို ဆယ်ယူရရှိထားခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ကျောင်းသူကျောင်းသားတွေကို မြစ်ထဲမှာ ပိုက်စိပ်တိုက်ရှာဖွေနေပါတယ်

နောက်ထပ် ဆယ်ယူရရှိခဲ့တဲ့ အလောင်းနှစ်လောင်းကို အနီးအနားရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ပြီး မည်သူတွေဖြစ်ကြောင်း စစ်ဆေးအတည်ပြုသွားမယ်လို့လည်း Agus Wibowo က ပြောပါတယ်။ ယခု အလောင်းတွေ့ရှိထားတဲ့ သေဆုံးသူခြောက်ဦးဟာ ရေကြီးမှုဖြစ်ပွားရာနေရာအနီးရှိ စာသင်ကျောင်းမှဖြစ်ပြီး ၎င်းတို့ကျောင်းကစီစဥ်တဲ့ အပျော်စခန်းချခရီးစဥ်မှာ လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

ထိုခရီးစဥ်မှာ ကျောင်းသူကျောင်းသား ၂၅၀ လိုက်ပါခဲ့ကြပြီး မြစ်ကြောင်းတစ်လျှောက် ခြေကျင်လျှောက်သွားတဲ့ အစီအစဥ်လည်း ပါဝင်ခဲ့ကြောင်း BNPB ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ "သူတို့က မြစ်ကြောင်းတစ်လျှောက် ခြေကျင်လျှောက်သွားနေကြတုန်းမှာ ရုတ်တရက် ရေကြီးမှုဖြစ်တော့ ရေစီးသန်လာခဲ့ပြီး ရေမျက်နှာပြင် မြင့်တက်ခဲ့တယ်" လို့ ၎င်းက ဖြစ်ရပ်ကိုရှင်းပြပါတယ်။

မြစ်အထက်ပိုင်းဒေသမှာ မိုးရွာနေခဲ့တဲ့အခါ မြစ်အောက်ဘက်ပိုင်းမှာ မိုးမရွာပေမဲ့လည်း ရုတ်တရက် ရေကြီးမှုအန္တရာယ်ကြီးပါတယ်

(Photo: AP)

ယခုဖြစ်ရပ်အတွင်း ကျောင်းသူကျောင်းသား ၂၃၉ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၂၁ ရက် ညပိုင်းအထိ သတင်းတွေအရ ပျောက်ဆုံးနေတဲ့ ကျောင်းသူကျောင်းသား ငါးဦးကို ကယ်ဆယ်ရေးသမား ၁၈၀ က လိုက်လံရှာဖွေနေကြဆဲ ဖြစ်ပါတယ်။ "မိုးရွာနေပေမဲ့ ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေတဲ့ ကျောင်းသူကျောင်းသားတွေကို မြစ်ထဲမှာ ပိုက်စိပ်တိုက်ရှာဖွေနေပါတယ်" လို့ Agus Wibowo က ပြောပါတယ်။

(Photo: AFP)

ကျောင်းတာဝန်ရှိသူတွေက ကျောင်းသူကျောင်းသားတွေ အပျော်စခန်းချခရီးထွက်တဲ့ အစီအစဥ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ အသိပေးခဲ့ခြင်းမရှိရာ မိုးရာသီအတွင်း ရုတ်တရက် ရေကြီးမှုဖြစ်နိုင်ခြေကို သတိမမူခဲ့မိကြဘူးလို့ ဒေသခံများက အင်ဒိုနီးရှားမီဒီယာတွေကို ပြောပါတယ်။ "မြစ်ရဲ့အထက်ပိုင်းဒေသမှာ မိုးရွာနေခဲ့တဲ့အခါ မြစ်အောက်ဘက်ပိုင်း အခုနေရာမှာ မိုးမရွာပေမဲ့လည်း ရုတ်တရက် ရေကြီးမှုအန္တရာယ်ကြီးပါတယ်" လို့ ဒေသခံ ကျေးရွာအကြီးအကဲ Tartono က အင်ဒိုနီးရှားသတင်းဝက်ဘ်ဆိုက် Detik ကို ရှင်းပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က