အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာသာမက အာရှဒေသမှာပါ COVID-19 ကြောင့် သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းအများဆုံး နိုင်ငံဖြစ်နေပါတယ်။ အင်ဒိုနီးရှားမှာ ထိုသို့ သေဆုံးမှုအချိုးအစား မြင့်မားနေရခြင်းရဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။
အင်ဒိုနီးရှား အများအပြားက ပျမ်းမျှအားဖြင့် ကျန်းမာရေးအားနည်းကြတယ်
ကျန်းမာရေးညံ့ဖျင်းမှုနဲ့ ကျန်းမာရေးစနစ်
အထွေထွေ ကျန်းမာရေးညံ့ဖျင်းမှုနဲ့ ကျန်းမာရေးစနစ်ကွာဟချက်တွေက ထိုအကြောင်းရင်းတွေထဲမှာ အပါအဝင်ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက CNA သတင်းဌာနနဲ့ အင်တာဗျူးမှာ သုံးသပ်ပြောကြားခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက် များစွာပိုမိုနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
လူဦးရေ ၂,၀၀၀ ကျော်ဟာ COVID-19 လက္ခဏာများနဲ့ သေဆုံးခဲ့ကြတာဖြစ်ပေမဲ့ ထိုရောဂါကြောင့် သေဆုံးသူစာရင်းမှာ မှတ်တမ်းမဝင်ခဲ့ကြောင်း အင်ဒိုနီးရှားပြည်နယ် ၃၄ ခုအနက်မှ ၁၆ ခုရဲ့ အချက်အလက်တွေကို Reuters သတင်းဌာနက ပြန်လည်ဆန်းစစ်မှုအရ သိရှိရပါတယ်။ အသက်ကြီးခြင်းနဲ့ ရောဂါအခံရှိခြင်းတို့က COVID-19 ကြောင့် သေဆုံးမှုများပြားရခြင်းရဲ့ အဓိက သိသာထင်ရှားတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။
အာရှဒေသတွင်း သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းအမြင့်ဆုံး ဖြစ်နေတဲ့ အင်ဒိုနီးရှားမှာတော့ ထိုအကြောင်းရင်းများအပြင် ဆေးလိပ်သောက်နှုန်း မြင့်မားခြင်းနဲ့ အာဏာပိုင်တွေက စောစီးစွာ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိခြင်းတို့ကလည်း အဓိက အကြောင်းရင်းတွေ ဖြစ်နေပြန်ပါတယ်။ လူနာရဲ့ အသက်အရွယ်ကနေ ထိုလူနာထံမှာ ယခင်ကတည်းကရှိနေခဲ့တဲ့ ရောဂါအခံအထိ အကြောင်းရင်း အများအပြားက COVID-19 ကြောင့် သေဆုံးမှုကို ဖြစ်စေနိုင်တယ်လို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ အင်ဒိုနီးရှားနိုင်ငံသား Pandu Riono က ဆိုပါတယ်။
လူအများစုက သူတို့ရဲ့အဆုတ်ကို ဂရုမစိုက်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ထဲက အများစုက ဆေးလိပ်သောက်သူတွေ ဖြစ်နေကြတယ်
"အင်ဒိုနီးရှား အများအပြားက ပျမ်းမျှအားဖြင့် ကျန်းမာရေးအားနည်းကြတယ်၊ အဲဒီအခြေအနေကြောင့် သူတို့ဟာ ရောဂါကူးစက်မှုကို ခံနိုင်ရည်မရှိကြပါဘူး၊ အင်ဒိုနီးရှားမှာ လူအများစုက သူတို့ရဲ့အဆုတ်ကို ဂရုမစိုက်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ထဲက အများစုက ဆေးလိပ်သောက်သူတွေ ဖြစ်နေကြတယ်လေ" လို့ ၎င်းက မှတ်ချက်ပြုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ၂၀၁၅ ခုနှစ် အချက်အလက်များအရ အင်ဒိုနီးရှားဟာ ကမ္ဘာတစ်ဝှမ်းမှာ အမျိုးသားများကြား ဆေးလိပ်သောက်မှုနှုန်း အမြင့်မားဆုံးနိုင်ငံဖြစ်ပြီး ၇၅ ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ လူအများအပြား နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုဟာလည်း ဆေးလိပ်သောက်မှုနှုန်း မြင့်မားတာကြောင့် ဖြစ်တယ်လို့ ဒေါက်တာ Pandu Riono က ဖြည့်စွက် ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ COVID-19 လူနာ ၂ ဦး ပထမဆုံး စတင်တွေ့ရှိခဲ့ပြီးနောက် ၁၀ ရက်မပြည့်မီ မတ်လအတွင်း COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုရှိလာခဲ့တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနဲ့ အာရှ နိုင်ငံတွေမှာ နိုင်ငံအလိုက် ကူးစက်ခံရမှုနဲ့ သေဆုံးမှုအရေအတွက်ကို အချိုးအစား ရာခိုင်နှုန်းတွက်ချက်မှုတွေအရ အင်ဒိုနီးရှားရဲ့ သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းဟာ အာရှဒေသမှာ အမြင့်ဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ထိုသို့ အချိုးအစားတွက်ချက်မှုအရ မေ ၁ ရက် ညပိုင်းအထိ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းဟာ ၇.၆ ရာခိုင်နှုန်းအထိ မြင့်တက်နေခဲ့ပါတယ်။
ကူးစက်ဖြစ်ပွားမှု ကနဦးအဆင့်မှာ အာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးခဲ့တယ်
မေ ၁ ရက် ညပိုင်းအထိ COVID-19 ကြောင့် သေဆုံးမှုရှိခဲ့တဲ့ အခြား အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းတွေကတော့ ဖိလစ်ပိုင်မှာ ၆.၆ ရာခိုင်နှုန်း၊ စင်ကာပူမှာ ၀.၀၈ ရာခိုင်နှုန်း၊ မလေးရှားမှာ ၁.၇ ရာခိုင်နှုန်း၊ ထိုင်းမှာ ၁.၈ ရာခိုင်နှုန်း၊ မြန်မာမှာ ၄ ရာခိုင်နှုန်းနဲ့ ဘရူနိုင်းမှာ ၀.၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အာရှဒေသနိုင်ငံအချို့မှ COVID-19 သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းများအဖြစ် တရုတ်မှာ ၅.၆ ရာခိုင်နှုန်း၊ ဂျပန်မှာ ၃ ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယားမှာ ၂.၃ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း သိရပါတယ်။
ကျန်းမာရေးစနစ်ကွာဟမှုတွေနဲ့ အာဏာပိုင်တွေရဲ့တုံ့ပြန်ဆောင်ရွက်မှု မလုံလောက်ခြင်း
အင်ဒိုနီးရှားမှာ COVID-19 သေဆုံးမှုအချိုးအစား မြင့်တက်ရတဲ့ အကြောင်းရင်းများအနက် ကူးစက်ဖြစ်ပွားမှု ကနဦးအဆင့်မှာ အာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးခြင်းကလည်း အပါအဝင်ဖြစ်တယ်လို့ ဒေါက်တာ Pandu Riono က ပြောပါတယ်။ မတ်လအစောပိုင်းက အင်ဒိုနီးရှားမှာ COVID-19 စစ်ဆေးရန် ဓာတ်ခွဲခန်းတစ်ခုတည်းသာ ရှိခဲ့ပါတယ်။
ဒါ့အပြင် ဓာတ်ခွဲနမူနာရယူရာမှာလည်း လူနာများက ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့် အလျင်အမြန် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ထိုအခြေအနေက ဆေးရုံတွေမှာ ကုသမှုခံယူရန် လူနာများ စုပုံနေတဲ့ အခက်အခဲကို ဖြစ်စေခဲ့ပါတယ်။ "တစ်ကြိမ်တည်းမှာ COVID-19 လူနာတွေ အလွန်များပြားစွာ ရှိလာခဲ့တယ်" လို့ ဒေါက်တာ Pandu Riono ထောက်ပြပါတယ်။
အင်ဒိုနီးရှားတစ်နိုင်ငံလုံးရဲ့ COVID-19 လူနာ ထက်ဝက်ခန့်ကို ဂျကာတာမြို့မှာ တွေ့ရှိခဲ့ရပါတယ်
ဆရာဝန် အများအပြားဟာလည်း လူနာတွေများလွန်းတာကြောင့် မနိုင်မနင်း ဖြစ်ကြရပါတယ်။ ဒါ့အပြင် အကာအကွယ်ဝတ်စုံ (PPE - Personal Protective Equipment) မလုံလောက်မှုကြောင့်လည်း ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်းထမ်း အများအပြားဟာ ရောဂါကူးစက်ခံခဲ့ကြရပါတယ်။ "တစ်ကယ်လို့ အာဏာပိုင်တွေက လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်ပြီး COVID-19 ကုသရေး ဆေးရုံတွေ ပြင်ဆင်ခဲ့ကြမယ်ဆိုရင် လူအင်အားတွေ၊ ပစ္စည်းကိရိယာတွေနဲ့ ဆေးဝါးတွေ သတ်မှတ်ဆေးရုံတွေမှာ ကောင်းကောင်းမွန်မွန်ရှိနေမှာပါ" လို့ ဒေါက်တာက ဆိုပါတယ်။
COVID-19 ကုသရေး သီးသန့်ဆေးရုံ ပြင်ဆင်ထားခြင်းဖြင့် ကုသမှုတွေကို နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ပြီး သေဆုံးမှုအရေအတွက် လျော့နည်းနိုင်ကြောင်း ဒေါက်တာ Pandu Riono က ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားရှိ ဆေးရုံများအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ Lia Partakusuma ကလည်း ဒေါက်တာ Pandu Rion တစ်သဘောတည်း ဖြစ်ခဲ့ပါတယ်။
"ကနဦးမှာ လူနာတစ်ယောက်က ရောဂါလက္ခဏာ မပြင်းထန်တာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သူ့ကို သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးခဲ့တဲ့အခါ ဒီလူနာက ပိုပြီး အားနည်းလာတာပေါ့" လို့ ဒေါက်တာ Lia Partakusuma က ပြောပါတယ်။ လက်ရှိ အချက်အလက်တွေအရ အင်ဒိုနီးရှားတစ်နိုင်ငံလုံးရဲ့ COVID-19 လူနာ ထက်ဝက်ခန့်ကို ဂျကာတာမြို့မှာ တွေ့ရှိခဲ့ရပြီး အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာ ဖြစ်နေပါတယ်။ ဂျကာတာမြို့ရှိ ဆေးရုံတွေမှာ COVID-19 ကုသရေး အပြင်းအထန် အားထုတ်ကြိုးပမ်းနေကြရပါတယ်။
ဂျကာတာအပြင် အခြားနေရာများရှိ ဆေးရုံတွေရဲ့ အခြေအနေကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) ရဲ့ အချက်အလက်တွေအရ အင်ဒိုနီးရှားမှာ လူ ၁,၀၀၀ အတွက် ဆေးရုံကုတင် ၁.၂ အချိုးအစားဖြစ်ပြီး မလေးရှားနဲ့ စင်ကာပူတို့မှာတော့ ၁.၉ နဲ့ ၂.၄ အချိုးအစား အသီးသီးရှိကြကြောင်း သိရပါတယ်။
အင်ဒိုနီးရှားမှာ COVID-19 ဗိုင်းရပ်စ် စစ်ဆေးမှုဟာလည်း အခြား အာရှနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက နည်းနေတာ တွေ့ရပါတယ်။ လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားမှာ ဧပြီ ၂၉ ရက်နေ့အထိ ဗိုင်းရပ်စ်စစ်ဆေးမှု ၅၅,၀၀၀ ခန့်သာ လုပ်ဆောင်ထားနိုင်သေးတာ ဖြစ်ပါတယ်။
နှိုင်းယှဥ်မှုအရ လူဦးရေ ၃၂.၆ သန်းရှိတဲ့ မလေးရှားမှာ ဗိုင်းရပ်စ်စစ်ဆေးမှု ၁၁၅,၀၀၀ နဲ့ လူဦးရေ ၅.၇ သန်းရှိ စင်ကာပူမှာတော့ စစ်ဆေးမှု ၈၀,၀၀၀ ကျော် လုပ်ဆောင်ခဲ့ပါတယ်။ ဧပြီ ၂၉ ရက်အထိ စာရင်းတွေအရ အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံရသူ ၉,၇၇၁ ဦး တွေ့ရှိထားပြီး ၇၈၄ ဦး သေဆုံးခဲ့ကာ ပြန်လည်သက်သာသူ အရေအတွက် ၁,၃၉၁ ဦး ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာက စစ်ဆေးမှုတွေကို ကန့်သတ်လုပ်ဆောင်တာမျိုးဖြစ်ပြီး ပိုပြီး နေကောင်းဖြစ်နေတဲ့ လူနာတွေကြားမှာပဲ ဗိုင်းရပ်စ် စစ်ဆေးလေ့ရှိပါတယ်
အများအပြား စစ်ဆေးခြင်း၊ ယုံကြည်စိတ်ချရတဲ့ အချက်အလက် လိုအပ်နေ
ကပ်ရောဂါကူးစက်မှု အတိုင်းအတာကို ပိုမို မှန်မှန်ကန်ကန် သိရှိနိုင်ရန် COVID-19 စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်ရန် လိုအပ်သလို ယုံကြည်စိတ်ချရတဲ့ အချက်အလက်လည်း လိုအပ်ကြောင်း ကျွမ်းကျင်သူတွေက ပြောထားကြပါတယ်။
"အင်ဒိုနီးရှားမှာက စစ်ဆေးမှုတွေကို ကန့်သတ်လုပ်ဆောင်တာမျိုးဖြစ်ပြီး ပိုပြီး နေမကောင်းဖြစ်နေတဲ့ လူနာတွေကြားမှာပဲ ဗိုင်းရပ်စ် စစ်ဆေးလေ့ရှိပါတယ်၊ ဒီလိုလုပ်တာက သေဆုံးမှုအချိုးအစား တွက်ချက်ရာမှာ မြင့်မားနေစေနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကူးစက်ခံရသူ အရေအတွက်မှာက ရောဂါလက္ခဏာမပြသူတွေနဲ့ မပြင်းထန်သူတွေ မပါဝင်ဘဲ လျော့နည်းနေတဲ့အခါ ကူးစက်မှုနဲ့သေဆုံးမှု အရေအတွက်ကို အချိုးချပြီး ရာခိုင်နှုန်းတွက်ကြည့်ရင် သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းက မြင့်နေမှာပါပဲ" လို့ ထိုင်းနိုင်ငံရှိ Centers for Disease Control and Prevention ရဲ့ ဒေသညွှန်ကြားရေးမှူး ဒေါက်တာ John MacArthur က ရှင်းပြပါတယ်။
အင်ဒိုနီးရှားဆေးပညာအသင်းမှ COVID-19 လုပ်ငန်းအဖွဲ့ အကြီးအကဲ ပါမောက္ခ Zubairi Djoerban ကတော့ "ကျွန်တော်တို့က အခု ရေခဲတောင်ကြီးတစ်ခုရဲ့ ထိပ်ဖျားကို ရောက်နေတာမျိုးပေါ့၊ တစ်ကယ့် ကူးစက်ခံရသူအရေအတွက်က စာရင်းသွင်းထားတဲ့ အရေအတွက်ထက် များနေတဲ့နေရာပေါ့၊ တစ်ကယ့် ကူးစက်ခံရတဲ့အရေအတွက်က ပိုများနေတာ အဖြစ်နိုင်ဆုံးပါ" လို့ ဆိုပါတယ်။
သေဆုံးမှုအချိုးအစား မြင့်မားနေတာက စောစီးစွာ စစ်ဆေးမှု အကန့်အသတ်ရှိခြင်းနဲ့ နောက်ကျမှ ရောဂါစစ်ဆေးမှုတို့ကြောင့် ဖြစ်ပါတယ်
"မေလနဲ့ ဇွန်လကြားမှာ ကျွန်တော်တို့ လူ ၁၀၆,၀၀၀ ကို စစ်ဆေးပြီးချိန်ကျရင် ကူးစက်မှုက အထွတ်အထိပ်ဖြစ်လာပါမယ်၊ ပြီးတော့ သေဆုံးမှုအချိုးအစား ရာခိုင်နှုန်းက တစ်ကယ့်အစစ်အမှန်နဲ့ ပိုမိုနီးစပ်လာပါလိမ့်မယ်" လို့ ပါမောက္ခက သုံးသပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ဗိုင်းရပ်စ်စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်ရန်နဲ့ စာရင်းအချက်အလက် ပွင့်လင်းမြင်သာစေရန် တိုက်တွန်းထားပါတယ်။
အစိုးရရဲ့ အဆိုအရ အင်ဒိုနီးရှားမှာ တစ်ရက်လျှင် လူ ၁၂,၀၀၀ ကို တိုးမြှင့်စစ်ဆေးရန် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ COVID-19 လုပ်ငန်းအဖွဲ့မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် ဒေါက်တာ Wiku Adisasmito က "အခုအချိန်မှာ အင်ဒိုနီးရှားရဲ့ COVID-19 ကြောင့် သေဆုံးမှုအချိုးအစား မြင့်မားနေတာက စောစီးစွာ စစ်ဆေးမှု အကန့်အသတ်ရှိခြင်းနဲ့ နောက်ကျမှ ရောဂါစစ်ဆေးမှုတို့ကြောင့် ဖြစ်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဓာတ်ခွဲစစ်ဆေးမှု ပိုမိုလုပ်ဆောင်လာနိုင်ခြင်း၊ ဝန်ထမ်းအရေအတွက် ပိုများလာခြင်းနဲ့ အချက်အလက်များ ပိုမိုမှန်ကန်လာခြင်းတို့နဲ့အတူ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးအချိုးအစား ရာခိုင်နှုန်းဟာ ယုံကြည်စိတ်ချရတာမျိုး ဖြစ်လာမယ်လို့ ဒေါက်တာ Wiku Adisasmito က ခန့်မှန်းခဲ့ပါတယ်။
Photo: Reuters, AFP
Share