ဂျကာတာမြို့ရဲ့ လမ်းမများတစ်လျှောက် အခေါင်းလွတ်တွေနဲ့အတူ စီတန်းလှည့်လည်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ လမ်းမများတစ်လျှောက် ရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားတဲ့ တာဝန်ရှိသူတွေက အခေါင်းလွတ်များကို သယ်ဆောင်ကာ စီတန်းလှည့်လည်ပြီး COVID-19 ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ကြောင်း မြို့ခံတွေကို သတိပေးခဲ့ကြပါတယ်။

(Photo: AFP)

ဂျကာတာမြို့ရဲ့ လူအသွားအလာ များပြားတဲ့ နေရာများတစ်လျှောက် အခေါင်းလွတ်တွေ တင်ဆောင်ထားတဲ့ယာဥ်တွေနဲ့ အခေါင်းထမ်းသူတွေက ယ‌‌နေ့ (စက်တင်ဘာ ၁ ရက်) စီတန်းလှည့်လည်ခဲ့ကြပြီး အချို့က အင်ဒိုနီးရှားမှာ pocong လို့ သိထားကြတဲ့ သရဲတစ္ဆေပုံစံ ဝတ်ဆင်ထားကြတယ်လို့ ဆိုပါတယ်။


"ဒီ အခေါင်းတွေနဲ့အတူ စီတန်းလှည့်လည်မှုက ကျန်းမာရေး ဘေးအန္တရာယ်ကင်းစေရန် စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာခြင်းရဲ့ အန္တရာယ်ကို လူတွေ ပိုမို နားလည်သဘောပေါက်စေဖို့ သတိပေးမှု ဖြစ်ပါလိမ့်မယ်၊ COVID-19 ကြောင့် သူတို့ ကွယ်လွန်ခဲ့ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သူတို့ ပုံဖော်ကြည့်နိုင်ပါတယ်" လို့ ဂျကာတာမြို့တောင်ပိုင်း Cilandak ခရိုင် အကြီးအကဲ Mundari က ပြောပါတယ်။

(Photo: AFP)

"အရမ်းကြောက်စရာကောင်းတယ်၊ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့ ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတယ်ဆိုတာ ထင်ရှားစေတယ်" လို့ Cilandak ဒေသခံ Ahmad Solh Suzany က AFP သတင်းဌာကို ဖွင့်ဟခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေခဲ့ပြီး ရောဂါတိုက်ဖျက်ရေး ရှေ့တန်းမှာပါဝင်နေတဲ့ ဆရာဝန် ၁၀၀ ကျော်နဲ့ ကလေးငယ် ရာနဲ့ချီ အရေအတွက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စတုတ္တမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၇၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၇,၅၀၅ ဦး ရှိခဲ့ပါတယ်။ သို့သော် အင်ဒိုနီးရှားဟာ COVID-19 စစ်ဆေးမှုနှုန်း အနည်းဆုံး နိုင်ငံတွေအနက် ပါဝင်နေရာ အမှန်တစ်ကယ် ကူးစက်ခံရသူ အရေအတွက်ဟာ အစိုးရက ထုတ်ပြန်ထားမှုထက် များစွာပိုမိုနိုင်ကြောင်း ယုံကြည်ထားကြပါတယ်။

(Photo: AFP)

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးနဲ့ ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ လူဦးရေ သန်း ၂၇၀ နီးပါးရှိတဲ့ အင်ဒိုနီးရှားမှာ ကပ်ရောဂါတိုက်ဖျက်ရေး အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ထိုအတောအတွင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ၎င်းရဲ့နိုင်ငံမှာ COVID-19 ရှိနေဆဲ အတည်ပြုလူနာဦးရေ လျော့နည်းလာပြီလို့ ယနေ့ ပြောခဲ့ပါတယ်။ ဂျိုကိုဝီရဲ့ အဆိုအရ အင်ဒိုနီးရှားမှာ ကုသမှုခံယူနေရဆဲ အတည်ပြုလူနာဦးရေဟာ မတ်လအတွင်း COVID-19 စတင်ဖြစ်ပွားစဥ်က ၇၀ ရာခိုင်နှုန်းခန့်မှ ယခုအခါ ၂၃.၆ ရာခိုင်နှုန်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က