အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကြောင့် နောက်ထပ်ခြောက်ဦး ယနေ့ (မတ်လ ၁၉ ရက်) သေဆုံးခဲ့ကြောင်းနဲ့ လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် ၂၅ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
(Photo: Chaideer Mahyuddin/AFP)
အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးမှုအရေအတွက်ဟာ အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးလည်း ဖြစ်လာပါတယ်။ "ဂျကာတာမှာ နောက်ထပ်ငါးယောက် သေဆုံးခဲ့ပြီး ဂျာဗားအလယ်ပိုင်းမှာ တစ်ယောက် သေဆုံးပါတယ်" လို့ COVID-19 ကပ်ရောဂါအတွက် အစိုးရပြောခွင့်ရပုဂ္ဂိုလ် Achmad Yurianto က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့မှာ သေဆုံးမှုအများဆုံးဖြစ်ပြီး ၁၇ ဦး သေဆုံးခဲ့ပါတယ်။ ယနေ့ ညပိုင်းအထိ အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၈၂ ဦးတိုးလာပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၃၀၉ ဦးရှိလာပြီး ၁၅ ဦး ပြန်လည်သက်သာသွားခဲ့ကြောင်း Achmad Yurianto က ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၀ ဟာ ဂျကာတာမြို့မှ ဖြစ်ပါတယ်။
(Photo: Reuters)
အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံသူ သေဆုံးမှုနှုန်းဟာ ၈ ရာခိုင်နှုန်းဖြစ်တယ်လို့လည်း Achmad Yurianto က ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မလေးရှားမှာ လတ်တလော ရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေပြီး ယနေ့ ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀ ရှိလာပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မတ်လ ၁၉ ရက် ညပိုင်းအထိ COVID-19 ကြောင့် ထိုင်းနိုင်ငံမှာ ၁ ဦးနဲ့ ဖိလစ်ပိုင်မှာ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ မလေးရှားနဲ့ အိမ်နီးချင်းနိုင်ငံ စင်ကာပူမှာ မတ်လ ၁၉ ရက် ညပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၄၅ ဦးရှိပြီး ၁၁၇ ဦး ပြန်လည်သက်သာသွားခဲ့ပါတယ်။
(Photo: Reuters)
စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းတို့မှာတော့ ကူးစက်မှုများတွေ့ရှိထားပေမဲ့ လက်ရှိအချိန်အထိ သေဆုံးသူမရှိခဲ့ပါဘူး။ အာဆီယံနိုင်ငံများအနက် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ စစ်ဆေးအတည်ပြုထားပြီး မြန်မာနဲ့ လာအိုမှာတော့ ယနေ့ညပိုင်းအထိ တရားဝင် ထုတ်ပြန်မှုတွေအရ ဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရှိထားပါဘူး။
က
မ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁၉ ရက် ညပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၂,၄၂၄ ဦးနဲ့ သေဆုံးသူ ၉,၂၃၄ ဦးအထိ ရှိလာခဲ့ကြောင်း သိရပါတယ်။
Source: CNA, MOSH Myanmar