အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ပြီးလျှင် ကပ်ရောဂါကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ယနေ့ (စက်တင်ဘာ ၁၃ ရက်) ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ COVID-19 ကူးစက်မှုအသစ် ၃,၀၀၀ အထက် ခြောက်ရက်ဆက်တိုက် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

အရှေ့တောင်အာရှရဲ့ လူဦးရေအထူထပ်ဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဂျကာတာမြို့တော်မှာ လူအချင်းချင်း ခပ်ခွာခွာဖြစ်စေရန် စည်းမျဥ်းကန့်သတ်ချက်တွေ ပြန်လည်သတ်မှတ်ရန် ပြင်ဆင်နေစဥ်မှာပင် ကူးစက်မှုတွေ နေ့စဥ်ရက်ဆက် တစ်ဟုန်ထိုး မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။



အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၃,၆၃၆ ဦးနဲ့ သေဆုံးသူ ၇၃ ဦး တိုးလာခဲ့ကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ယနေ့ ထုတ်ပြန်ထားပါတယ်။ ယခုအခါ အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ ၂၁၈,၃၈၂ ဦးနဲ့ သေဆုံးသူ ၈,၇၂၃ ဦး ရှိလာခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်ပြီးလျှင် ကပ်ရောဂါကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

(Photo: Donny Fernando/Jakarta Post)

COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ကြောင်း သိရပါတယ်။ ဂျကာတာမြို့တော်မှာ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ရန် လုပ်ငန်းခွင်သို့ မဖြစ်မနေ လာရောက်ရန်မလိုတဲ့ စီးပွားရေးလုပ်ငန်းများရဲ့ ဝန်ထမ်းတွေကို တနင်္လာနေ့ (စက်တင်ဘာ ၁၄ ရက်) မှစပြီး နေအိမ်မှ အလုပ်လုပ်ရမယ်လို့ ညွှန်ကြားထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ထို့အတူ အစိုးရဝန်ထမ်း အချို့ကိုလည်း နေအိမ်မှ အလုပ်လုပ်ရန် ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ ဈေးများနဲ့ ဈေးဝယ်စင်တာများကို ဆိုင်အရေအတွက် ထက်ဝက်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုမှာဖြစ်ပြီး ဈေးဝယ်စင်တာများအတွင်းရှိ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုစေမယ်လို့ ဂျကာတာအုပ်ချုပ်ရေးမှူး Anies Baswedan က ယနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

(Photo: Pemprov DKI Jakarta)

"ကျွန်တော်တို့ရဲ့ အဓိက အာရုံစိုက်မှုက ရုံးခန်းတွေမှာ ကန့်သတ်ချက်တွေ သတ်မှတ်ထားဖို့ပါ၊ ဒီလို သတ်မှတ်ဆောင်ရွက်တာက ရုံးခန်းတွေမှာ ကူးစက်မှုအရေအတွက် မြင့်တက်နေတာကို ရပ်တန့်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ Anies Baswedan က ဆိုပါတယ်။ ဂျကာတာမှာ စည်းမျဥ်းကန့်သတ်ချက်တွေကို သီတင်းနှစ်ပတ်ကြာ သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး ထပ်မံ တိုးချဲ့နိုင်ကြောင်းလည်း အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ ယ‌နေ့အထိ ကူးစက်ခံရသူ ၅၄,၂၂၀ ဦးနဲ့ သေဆုံးသူ ၁,၃၉၁ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က