ပေ ၅၀၀ နက်တဲ့ လျှိုမြောင်တစ်ခုအတွင်းသို့ ထိုးကျသွားခဲ့ပါတယ်။

အင်ဒိုနီရှားမှာ ဘတ်စ်ကားတစ်စီး လျှိုမြောင်းအတွင်း ထိုးကျခဲ့ပြီးနောက် ကလေးရှစ်ဦး အပါအဝင် အနည်းဆုံး လူ ၂၈ ဦးထက်မနည်း သေဆုံးကာ အခြား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အဆိုပါ ဘတ်စ်ကားဟာ ခရီးသည်အများအပြားတင်ဆောင်ပြီး တောင်ပိုင်းဆူမာတြားပြည်နယ်အတွင်း မောင်းနှင်သွားနေစဥ် ယမန်နေ့ (ဒီဇင်ဘာ ၂၃ ရက်) ညသန်းခေါင်မတိုင်မီက ပေ ၅၀၀ နက်တဲ့ လျှိုမြောင်တစ်ခုအတွင်းသို့ ထိုးကျသွားခဲ့ပြီးနောက် အောက်ခြေရှိ မြစ်ထဲကိုကျသွားခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား ဒိုလီဂူမာရာက AFP သတင်းဌာနကို ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) မနက်ပိုင်းမှာ ပြောပါတယ်။



"ဘတ်စ်ကားက လမ်းအကာအရံ ကွန်ကရစ်တုံးတွေကို တိုက်မိခဲ့ပြီးတော့ လျှိုမြောင်ထဲထိုးကျသွားခဲ့တယ်။ လူတချို့ ကားထဲမှာ ပိတ်မိနေတုန်းပဲ" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ ယခုဖြစ်ရပ်မှာ အခြား ကားတစ်စီးစီးနဲ့ တိုက်မိခဲ့ခြင်း မရှိကြောင်းလည်း သိရပါတယ်။

(Photo: Palembang Search and Resuce Agency/IG)

သေဆုံးဒဏ်ရာရသူတွေကို ရှာဖွေရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဆောင်ရွက်နေကြပြီး အသက်ရှင်တဲ့ ဒဏ်ရာရသူတွေကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ ဘတ်စ်ကားမတော်တဆမှုဟာ Pagar Alam မြို့ငယ်အနီး အစွန်အဖျားနေရာမှာ ဖြစ်ပွားခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ အခက်အခဲရှိနေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

အဆိုပါ ဒေသတွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကားဟာ Bengkulu ပြည်နယ်မှ Pagar Alam သို့ စတင်ထွက်ခွာသွားချိန်မှာ ခရီးသည်တင် ၂၇ ဦးသာ တင်ဆောင်သွားခဲ့ပေမဲ့ လျှိုမြောင်ထဲထိုးကျသွားစဥ် ဘတ်စ်ကားပေါ်မှာ ခရီးသည် ၅၀ ဝန်းကျင်အထိရှိနေခဲ့တယ်လို့ အသက်ရှင်ကျန်သူအချို့က ပြောပါတယ်။ ကယ်ဆယ်‌ရေးအဖွဲ့တွေက မြစ်အတွင်း ဆက်လက်ရှာဖွေနေကြပါတယ်။

(Photo: Reuters)

"နောက်ထပ်ခရီးသည်တွေကို လမ်းမှာ တင်လာခဲ့ပုံရတယ်၊ လျှိုမြောင်ထဲကနေတစ်ဆင့် မြစ်ထဲကျသွားတော့ မြစ်ထဲမှာ ပျောက်ဆုံးနေသူတွေ ရှိနိုင်သေးတယ်၊ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်" လို့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဂူမာရာက ဆိုပါတယ်။ နောက်ဆက်တွဲ သတင်းအရ ဒီဇင်ဘာ ၂၃ ရက် ညသန်းခေါင်အချိန်က ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကား လျှိုမြောင်ထဲထိုးကျမှုကြောင့် သေဆုံးသူအရေအတွက် ၃၅ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

ယာဥ်အိုယာဥ်ဟောင်းများ အသုံးပြုခြင်း၊ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းနဲ့ ယာဥ်စည်းကမ်း မလိုက်နာခြင်းတို့ကြောင့် အင်ဒိုနီးရှားမှာ ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားနေကျဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း အနောက်ဂျာဗားပြည်နယ် ဆူကာဘူမီဒေသမှာ ဘတ်စ်ကားတစ်စီး လျှိုမြောင်ထဲထိုးကျမှုကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က