အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြို့ရဲ့နေရာ အများအပြားမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေခဲ့ကြောင်း သိရပါတယ်။
(Photo: BNPB/Twitter)
ယနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) ဖြစ်ပေါ်နေတဲ့ ရေကြီးမှုအတွင်း လူသေဆုံးမှုသတင်းများ မကြားသိရသေးပါဘူး။ သို့သော် ဂျကာတာမြို့ရဲ့ နေရာတွေမှာ ရွှံ့ရေများဖုံးလွှမ်းနေပြီး အချို့နေရာတွေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။ ဂျကာတာရှိ နေရာ ၈၁ ခုထက်မနည်းမှာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး လမ်းမများနဲ့ ရထားလမ်းများ ပိတ်ထားကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။
လက်ရှိရေကြီးမှုတွေအနက် ဂျကာတာအနောက်ပိုင်းရှိ Bekasi မှာ သိသာစွာ ဆိုးရွားနေခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့နှောင်းပိုင်းမှာလည်း ဂျကာတာမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားရာ ရေကြီးမှုတွေ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာနိုင်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာန ပြောခွင့်ရပုဂ္ဂိုလ် Agus Wibowo က Twitter မှာ ပြောထားပါတယ်။
(Photo: BNPB/Twitter)
ဂျကာတာရှိ အချို့နေရာတွေမှာ ရေအနက် ၄ ပေကျော်အထိ ရေကြီးမှုဖြစ်နေပါတယ်။ ဩစတြေးလျနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း ဆိုင်ကလုန်းမုန်တိုင်းများအရှိန်ကြောင့် ဂျာဗား၊ ဘာလီနဲ့ နူဆာတန်ဂါရာကျွန်းများတစ်လျှောက် ရာသီဥတုဆိုးရွားခဲ့ကြောင်း မိုးလေဝသနဌာနက ပြောပါတယ်။ ဂျာဗားကျွန်းတောင်ပိုင်း ပင်လယ်ပြင်မှာ ရေလှိုင်းများမြင့်တက်နိုင်ကြောင်းလည်း မိုးလေဝသဌာနက သတိပေးထားပါတယ်။
မြေနိမ့်ပိုင်းမှာတည်ရှိတဲ့ ဂျကာတာမြို့ဟာ နှစ်စဥ် နိုဝင်ဘာလမှစတင်တဲ့ အင်ဒိုနီးရှားရဲ့ မိုးရာသီကာလအတွင်း ရေကြီးမှုတွေ ကြုံရလေ့ရှိပါတယ်။ ဂျကာတာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး နှစ်အတန်ကြာအတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ရာ လူ ၇၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။