အင်ဒိုနီးရှားကလပ် ဗားမု့ိစ်အသင်းနဲ့ မနှစ်က အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ AFC Futsal Club Championship ပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ၈-၁ ဂိုးနဲ့ အရေးနိမ့်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ VUC ဖူဆယ် အသင်းကတော့ အုပ်စုတွင်း ပြိုင်ဖက် အဖြစ် ရှိနေတဲ့ အင်ဒိုနီးရှားကလပ် ဗားမို့စ် အသင်းကို ရှုံးကြွေးပြန်ဆပ် နိုင်ဖို့ အဓိကထားရည်ရွယ် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ ဖူဆယ်လိဂ် အမှတ်ပေးပြိုင်ပွဲနဲ့ MFF ဖူဆယ်ဖလား ပြိုင်ပွဲတို့မှာ ချန်ပီယံဖြစ်တဲ့ အသင်းတွေက အာရှဖူဆယ်ကလပ်နဲ့ အာဆီယံ ဖူဆယ် ကလပ်ပြိုင်ပွဲတွေကို နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရနေတာ ဖြစ်ပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ MIU အသင်းက အာဆီယံ ဖူဆယ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ လို့ VUC အသင်းက အာရှ ဖူဆယ် ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
“ မနှစ်က ကျွန်တော်တို့ အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတုန်းက ဒီနှစ်မှာ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ဗားမို့စ်အသင်းနဲ့ပဲ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ မနှစ်က ရှုံးခဲ့လို့ဒီနှစ်မှာ ရှုံးကြွေး ဆပ်ဖို့ အကြွေးတင်နေပါတယ်။ဒါကြောင့် သူ့ကို အနိုင်ကစားဖို့ အဓိက ပစ်မှတ်ထားထားပါတယ်။” လို့ VUC အသင်းပိုင်ရှင် ဦးနိုင်သောင်းထိုက်က Duwun Sportsကို ပြောပါတယ်။
VUC အသင်းကတော့ကျင်းပလျက်ရှိတဲ့ MFF Futsal League နဲ့ MFF Futsal Open Cup တွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာ့လက်ရွေးစင် ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်။ မနှစ်က အေအက်ဖ်စီပွဲကို ဝင်ကစားခဲ့စဉ်က အုပ်စုတွင်းမှာ အိမ်ရှင် အင်ဒိုနီးရှားကလပ် ဗားမို့စ်အသင်းကို ၈-၁ ဂိုးနဲ့လည်းကောင်း၊ ဂျပန်ကလပ် နာဂိုယာအသင်းကို ၄-ဝနဲ့လည်းကောင်း၊တရုတ်ကလပ် ဒါလီယန်ကို ၃-၂ နဲ့ လည်းကောင်း အသီးသီးရှုံးနိမ့်ခဲ့ပြီး အုပ်စုက ထွက်ခဲ့ရပါတယ်။
ဒီနှစ်မှာတော့ အုပ်စုတွင်း ပြိုင်ဖက်တွေအဖြစ် အင်ဒိုနီးရှားကလပ် ဗားမို့စ်၊လက်ဘနွန်ကလပ် Bank Of Beirut၊ တာဂျစ်ကစ္စတန်ကလပ် ဆိုရို ကုမ္ပဏီအသင်းတို့နဲ့ ကျရောက်နေပါတယ်။ ပြိုင်ပွဲကိုတော့ လာမယ့် သြဂုတ်လ ၇ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး VUC အသင်းကတော့ သြဂုတ် ၈ ရက်နေ့မှာ လက်ဘနွန်ကလပ် Bank Of Beirut၊၁၀ ရက်နေ့မှာ အင်ဒိုနီးရှားကလပ် ဗားမို့စ်၊၁၂ ရက်နေ့မှာ ဆိုရိုအသင်းတို့နဲ့ ကစားရပါမယ်။