ဥပဒေပြင်ဆင်မှုအတွက် လူအများရဲ့တုံ့ပြန်မှုကို ပိုမိုလေ့လာသင့်တယ်လို့ သမ္မတဂျိုကိုဝီက ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရက အသစ်ပြင်ဆင်ပြဌာန်းရန် စီစဉ်နေပြီး လိင်တူချစ်သူများ အပါအဝင် လက်မထပ်ဘဲ အတူနေစုံတွဲ သန်းနဲ့ချီ ထောင်ဒဏ်ကျခံရနိုင်တဲ့ ဥပဒေတစ်ရပ်ကို အတည်မပြုသေးဘဲ ဆိုင်းငံ့ထားရန် သမ္မတဂျိုကိုဝီဒိုဒိုက ယနေ့ (စက်တင်ဘာ ၂၀ ရက်) တိုက်တွန်းလိုက်ပါတယ်။

(အင်ဒိုနီးရှားမှ မွတ်စလင်မ်များ) (Photo: Reuters)

လွှတ်တော်မှာ အဆိုပြုထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပြင်ဆင်မှုအတွက် လူအများရဲ့တုံ့ပြန်မှုကို ပိုမိုလေ့လာသင့်တယ်လို့ သမ္မတဂျိုကိုဝီက ထောက်ပြခဲ့ပြီး လွှတ်တော်အနေနဲ့ ဥပဒေပြင်ဆင်မှုများကို ယခုတစ်ကြိမ် လွှတ်တော်အစည်းအဝေးအတွင်း မဲခွဲအတည်ပြုရန် စီစဉ်ထားမှုအား ဖျက်သိမ်းရန် ပြောကြားခဲ့ပါတယ်။



လွှတ်တော်မှာ တင်သွင်းထားပြီး အချေအတင် ငြင်းခုံစရာ ဖြစ်နေခဲ့တဲ့ ယခု ဥပဒေပြင်ဆင်မှုတွေဟာ ကမ္ဘာ့အကြီးဆုံး မွတ်စလင်မ်အများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံရှိ လိင်တူစုံတွဲများ အပါအဝင် သန်းနဲ့ချီတဲ့လူတွေကို သက်ရောက်နိုင်ပြီး လက်မထပ်ဘဲ အတူနေလိင်ဆက်ဆံမှုကြောင့် ထောင်ဒဏ်ကျခံရနိုင်ပါတယ်။

(အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ) (Photo: AP)

ယနေ့မှာတော့ အင်ဒိုနီးရှားသမ္မတက အငြင်းပွားဖွယ်ဖြစ်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့ ထိုဥပဒေသစ်နဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားမှတစ်ဆင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။ "ဒီဥပဒေရဲ့ ပြဌာန်းချက်တွေကို အုပ်စုမျိုးစုံကနေ ကန့်ကွက်မှုတွေ ကြားခဲ့ရပြီးနောက် ဥပဒေရဲ့ အချို့အချက်တွေအပေါ် ဒီထက်ပိုပြီး စဉ်းစားချင့်ချိန်ဖို့လိုတယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်" လို့ ၎င်းကပြောပါတယ်။

"ပြစ်မှုဆိုင်ရာဥပဒေသစ်ကို အခုလက်ရှိ လွှတ်တော်အစည်းအဝေးမှာ အတည်မပြုသေးဘဲ ရွှေ့ဆိုင်းထားသင့်ကြောင်း ကျွန်တော့်ရဲ့အမြင်ကို လွှတ်တော်ကိုပေးပို့ဖို့အတွက် တရားရေးဝန်ကြီးကို မှာကြားထားပါတယ်" လို့လည်း သမ္မတဂျိုကိုဝီက ဖြည့်စွက်ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(လိင်မှုကိစ္စနဲ့ပတ်သက်ပြီး လူမြင်ကွင်းမှာ ကြိမ်ဒဏ်ချမှတ်စဉ်) (Photo: AFP)

အင်ဒိုနီးရှားက အသစ်ပြဌာန်းရန် စီစဉ်နေတဲ့ ပြစ်မှုဆိုင်ရာဥပဒေဟာ ဒတ်ချ်ကိုလိုနီခေတ် ဥပဒေကိုပြင်ဆင်ထားခြင်းဖြစ်ပြီး ဆယ်စုနှစ်များကြာ အချေအတင် ဖြစ်နေခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း အတည်ပြု ပြဌာန်းမယ့်ပုံပေါ်ခဲ့ပေမဲ့ တစ်ကယ့်လက်တွေ့ မဖြစ်လာခဲ့ပါဘူး။ အသစ်ပြင်ဆင်ပြဌာန်းမယ့် ဥပဒေသစ်အရ လက်မထပ်မီ အတူနေလိင်ဆက်ဆံတဲ့ စုံတွဲများ သို့မဟုတ် ကာမပိုင်ရှိလျက် အခြားတစ်ဦးနဲ့ အတူနေလိင်ဆက်ဆံသူများဟာ ခြောက်လနဲ့ တစ်နှစ်ကြားရှိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်းချမှတ်ခံရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားက အဆိုပါ ဥပဒေသစ်ပြဌာန်းမယ့် သတင်းထွက်ပေါ်လာပြီးနောက် ဂျကာတာမြို့ရှိ သြစတြေးလျသံရုံးက ၎င်းရဲ့နိုင်ငံသားတွေကို ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး လက်မထပ်ထားတဲ့ နိုင်ငံခြားသားစုံတွဲတွေကိုလည်း နိုင်ငံရေးအားပြိုင်မှုအရ ဥပဒေသက်ရောက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က