သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သေးကြောင်း ခန့်မှန်းထားပါတယ်

အင်ဒိုနီးရှားနိုင်ငံမှာ ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မီးတောင်ပေါက်ကွဲဖြစ်ပြီးနောက် ဆူမာတြားနဲ့ ဂျာဗားကျွန်းတို့ကြား ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းဒေသတစ်လျှောက် ဆူနာမီရေလှိုင်းများ တက်ရောက်လာခဲ့မှုကြောင့် သေဆုံးသူအရေအတွက် ၂၂၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။

(Photo: Reuters)

"၂၂၂ ယောက် သေဆုံးခဲ့ပါတယ်၊ ၈၄၃ ယောက် ဒဏ်ရာရခဲ့ပြီး ၂၈ ယောက် ပျောက်နေပါတယ်" လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ညပိုင်းမှာ ပြောပါတယ်။

"သေဆုံးသူအရေအတွက် ဆက်မြင့်တက်လာနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဆူနာမီတက်ခဲ့တဲ့နေရာတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေဆဲပါ၊ နောက်ပြီး ကျန်းမာရေးဌာနအားလုံးဆီကလည်း သေဆုံးဒဏ်ရာရမှု အခြေအနေတွေ မသိရသေးပါဘူး၊ ဆူနာမီရေလှိုင်းတက်ရောက်ခဲ့တဲ့ နေရာအားလုံးမှာလည်း စာရင်းပြုစုနေမှုတွေက မပြီးသေးပါဘူး" လို့လည်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

(Photo: Getty Images)

မီးတောင်ပေါက်ကွဲမှု နောက်ဆက်တွဲကြောင့် ဆူနာမီရေလှိုင်းတက်ရောက်မှုအတွင်း သေဆုံးခဲ့သူအားလုံးဟာ အင်ဒိုနီးရှားနိုင်ငံသားတွေ ဖြစ်ကြပြီး နိုင်ငံခြားသားများ မပါဝင်ကြောင်း သိရပါတယ်။ ဆူနာမီရေလှိုင်းတက်ရောက်မှုကြောင့် Pandeglang, Serang, South Lampung နဲ့ Tanggamus ဒေသလေးခုမှာ သေဆုံးဒဏ်ရာရမှုနဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: CTGN)

Anak Krakatau အမည်ရှိ မီးတောင်ပေါက်ကွဲခဲ့ပြီးနောက် ဒေသစံတော်ချိန် ည ၉ နာရီခွဲခန့်မှာ ဆူမာတြားကျွန်းတောင်ပိုင်း ကမ်းရိုးတန်းနဲ့ ဂျာဗားကျွန်းအနောက်စွန်း နေရာဒေသများသို့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ကြောင်း နူဂရိုဟိုက ပြောပါတယ်။ မီးတောင်ပေါက်ကွဲပြီးနောက် ပင်လယ်ရေအောက်မှာ မြေပြိုမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့မှုကြောင့် ဆူနာမီရေလှိုင်းများ တက်ရောက်လာခဲ့ပုံရတယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။

(Photo: AFP / Demy Sanjaya)

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့အစည်းတွေရဲ့ အဆိုအရ အမြင့်တစ်ပေမှ သုံးပေနီးပါးရှိ ပြင်းထန်တဲ့ ဆူနာမီရေလှိုင်းတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ဒေသခံတွေဟာ ဓာတ်မီးများကိုင်ဆောင်ကာ ကုန်းမြင့်နေရာသို့ ကြောက်လန့်တကြား ပြေးလွှားနေကြတာ တွေ့ရတယ်လို့ CNA သတင်းမှာ ပြောထားပါတယ်။

(Photo: @ChandniCNA/Twitter)

ယခု ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့တဲ့ ကမ်းရိုးတန်းဒေသတွေမှာ လာမယ့် ဒီဇင်ဘာ ၂၅ ရက်အထိ ပင်လယ်ရေလှိုင်းများ မြင့်တက်လာနိုင်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက သတိပေးထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်း (Ring of Fire) နေရာမှာ တည်ရှိနေတာကြောင့် ငလျင်လှုပ်မှု၊ မီးတောင်ပေါက်ကွဲမှုနဲ့ ဆူနာမီရေလှိုင်းတက်ရောက်မှု အန္တရာယ်တွေရှိနေပါတယ်။

ထပ်မံသိရှိရတဲ့ သတင်းတွေအရ ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၈၁ ဦးထက်မနည်းအထိမြင့်တက်လာခဲ့ပြီး ၁,၁၀၆ ဦး ဒ

ဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ယခုနှစ် စက်တင်ဘာလအတွင်းကလည်း အင်ဒိုနီးရှားအလယ်ပိုင်း ဆူလာဝေစီကျွန်းမှာ ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ကမ်းရိုးတန်းဒေသရှိ ပါလူမြို့မှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း လူ ၂,၀၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်းများ ဆက်တိုက်တက်ရောက်ခဲ့မှုကြောင့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ လူဦးရေ ၂၂၈,၀၀၀ ခန့် သေဆုံးခဲ့ပြီး အင်ဒိုနီးရှားမှာ သေဆုံးသူအများဆုံး ဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က