အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း တောင်တန်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွင်း အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတည်းသာ အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (သြဂုတ် ၁၂ ရက်) ပြောပါတယ်။
လေယာဉ်အပျက်အစီးများကို တွေ့ရစဉ် (Photo: AFP)
ဆွစ်ဇာလန်နိုင်ငံလုပ် Pilatus အမျိုးအစား လေယာဉ်ဟာ စနေနေ့ (သြဂုတ် ၁၁ ရက်) က အင်ဒိုနီးရှားအရှေ့ပိုင်း ပါပူအာပြည်နယ် အစွန်အဖျားဒေသမှာ မိနစ် ၄၀ ဝန်းကျင်ကြာ ပျံသန်းခဲ့ပြီးနောက် လေကြောင်းထိန်းသိမ်းရေးနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။
ထို့နောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လေယာဉ်ပျက်ကို ပါပူအာနယူးဂီနီနိုင်ငံနဲ့ နယ်စပ်အနီး Oksibil ဒေသရှိ သစ်တောထူထပ်တဲ့ တောင်စောင်းတစ်ခုမှာ ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြကြောင်း သိရပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်း တစ်ဦးတည်း အသက်ရှင်ခဲ့သည့် ယောက်ျားလေး (Photo: AFP)
"လေယာဉ်ပေါ်မှာ လိုက်ပါလာသူရှစ်ယောက် သေဆုံးနေတာတွေ့ရပြီး ကောင်လေးတစ်ယောက်တည်းသာ အသက်ရှင်လျက် တွေ့ခဲ့ရပါတယ်" လို့ ပါပူအာအခြေစိုက် စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ဒက်ဇ်စီယန်တူရီက ပြောခဲ့ပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ယခုအချိန်ထိ အတည်မပြုနိုင်သေးဘူးလို့လည်း ၎င်းက AFP သတင်းဌာနကို ပြောပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အမျိုးသားသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေကင်းလုံခြုံမှုကော်မတီက စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ကို ပုဂ္ဂလိကလေကြောင်းလိုင်း Dimonim Air က ပိုင်ဆိုင်ပြီး လေယာဉ်ပေါ်မှာ ခရီးသည်ခုနစ်ဦးနဲ့ လေယာဉ်အမှုထမ်းနှစ်ဦး လိုက်ပါသွားခဲ့ကြောင်း အတည်ပြုထားပါတယ်။
Photo: AFP
လေယာဉ်ပျက်မကျမီမှာ တဝေါဝေါမြည်သံကို ကျယ်လောင်စွာကြားခဲ့ရပြီးနောက် ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း အနီးအနားရှိ ရွာသူရွာသားတွေက ပြောကြပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လေယာဉ်ပျက်ကျခဲ့တဲ့နေရာကို နှစ်ရာရီကြာ လမ်းလျှောက်သွားခဲ့ပြီး ယနေ့မနက် နှောင်းပိုင်းအချိန်ထိ သေဆုံးသူရုပ်အလောင်းတွေ ပြန်လည်ရယူရန် လုပ်ဆောင်နေခဲ့ကြတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားမှာ ထောင်နဲ့ချီတဲ့ ကျွန်းများအကြား ကူးသန်းသွားလာရေးမှာ လေကြောင်းသယ်ယူပို့ဆောင်မှုကိုလည်း အဓိက အားထားနေရပါတယ်။ သို့သော် လေကြောင်းပျံသန်းမှုဆိုင်ရာ ဘေးကင်းလုံခြုံမှု အားနည်းချက်တွေရှိနေပြီး လတ်တလော နှစ်များအတွင်း လူသေဆုံးမှုရှိတဲ့ လေယာဉ်ပျက်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယခု လေယာဉ်ပျက်ကျခဲ့တဲ့ ပါပူအာပြည်နယ်ဟာ သွားလာရေးခက်ခဲတဲ့ နေရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ယမန်နှစ် ဇူလိုင်လအတွင်းကလည်း ပါပူအာပြည်နယ်မှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့မှုကြောင့် လူငါးဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း ပါပူအာပြည်နယ်မှာပင် ရာသီဥတုဆိုးရွားမှုကြောင့် အင်ဒိုနီးရှား လေကြောင်းလိုင်း Trigana မှ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၅၄ ဦးလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။